ALPက ကင်းလှည့်ပေးနေကြောင်း ပြောသော်လည်း လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု လူထုက စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) က စစ်တွေမြို့ လုံခြုံရေးအတွက် အခက်အခဲအမျိုးမျိုး ကြား ကနေ ကင်းလှည့်ခြင်းတို့ကို လုပ်နေသည်ဟု ပြောဆိုလိုက်သော်လည်း မြေပြင်တွင် စစ်တပ်နှင့် ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေသည်ဟု မြို့ခံများက စွပ်စွဲလိုက်သည်။
စစ်တွေမြို့၏ လုံခြုံရေး၊ ပြည်သူ့အိုးအိမ် စောင့်ရှောက်ရေး ကိစ္စများကို ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) က အခက်အခဲများကြားမှ ကင်းလှည့် လုပ်ဆောင်နေပြီး အရပ် သားများကို ဆေးကုသမှုများပါ လုပ်ပေးနေသည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။
စက်သုံးဆီ အခက်အခဲများကြားမှ ကင်းလှည့်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့က ထုတ် ပြန်သည့် ဗီဒီယိုဖိုင်တွင် ALP စည်းရုံးရေးဌာနက ဦးခိုင်အောင်နိုင်က ပြောဆိုထားသည်။
“ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဟာ ဧပြီလကစပြီး စစ်တွေမြို့တွင်းမှာရှိတဲ့ ပြည်သူအိုးအိမ် တွေ ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွေကို လုပ်လာခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် အစိုးရမဟုတ်တဲ့အတွက် စိတ်ရှိတိုင်းကို မလုပ်နိုင်ဘူး။ ကျနော်တို့မှာ ဆီ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ဒီလို လုပ်လာတဲ့ အချိန်မှာ ကျနော်တို့ သူခိုးတွေ တော်တော်များများကို ဖမ်းဆီးခဲ့ပါတယ်။ ဆီအခက်ခဲတွေကြားက ကျနော်တို့ ကင်းလှည့်တယ်။”
ALP က စစ်တွေမြို့တွင် ဧပြီလမှစတင်ပြီး ပြည်သူ့အိုးအိမ် စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ရင်း ခိုးဆိုး လုယက်သူများကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဦးခိုင်အောင်နိုင်က “အထူးသဖြင့်ဆိုလို့ရှိရင်လည်း ကျနော်တို့ အခြေစိုက်တဲ့ စစ်တွေမြို့မှာ ပြည်သူတွေကို ဆေးဝါးကုသမှုတွေ ပေးတယ်။ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးလာလို့ရှိရင်လည်း ရတဲ့နေရာကနေ ရှာကြံ တယ်။ ထိုနည်းလည်းကောင်း ရခိုင်ပြည် တောင်ဘက် ကျနော်တို့ ဆေးဝါးကုသမှုတွေကို အတတ်နိုင်ဆုံးလုပ်ပေးတယ်။ ဘယ်သူ့ကိုမှ လည်း ရန်မပြုဘူး၊ ရန်မရှာဘူး။ ပြည်သူတွေအတွက်ပဲ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တော့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
သို့သော် လက်တွေ့မြေပြင်တွင်မူ ALP သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “ဖမ်းတဲ့ကိစ္စ နေ့တိုင်းဖမ်းတယ်။ ဖမ်းပြီးတော့ ပိုက်ဆံပေးနိုင်ရင် ပြန်လွှတ်တယ်။ ၁၀၊ ၂၀၊ ၃၀ အဲ့လိုမျိုး ပေးနိုင်ရင် ပြန်လွှတ်တယ်။ စစ်တပ်နဲ့ပေါင်းပြီး လမ်းတွေမှာ ဂိတ်တွေဖွင့်၊ မကြာသေးပါဘူး ဩဂုတ် လ အတွင်းမှာပဲ ဂိတ်တွေဖွင့် ဖွင့်ပြီး ပိုက်ဆံတွေတောင်း၊ မွတ်ဆလင်တွေဆို ပိုဆိုး ရိုက်တာတို့ ဘာတို့ လုပ် တယ်။ စစ်တွေမြို့မှာ နေတဲ့လူတိုင်းက စစ်တွေမြို့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို သိတယ်။ ALP က ဘာ လုပ်နေလဲ၊ ဥပမာ စစ်တပ်နဲ့ ပူးပေါင်းမှုတွေ ရှိတယ်ဆိုတဲ့ ကိစ္စရပ်တွေကိုပေါ့” ဟု ပြောသည်။
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ALP က စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်တွေဒေသခံ အရပ်သား များကို ဖမ်းဆီးခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ ရိုက်နှက်ခြိမ်းခြောက်ခြင်းအပြင် ကုန်သည်များထံမှလည်း ဆက် ကြေးအခွန်ငွေများ ကောက်ခြင်းတို့ကို လုပ်နေသည်ဟု ဒေသခံပြည်သူများက ဆိုသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ ဆက်တိုက် ယခုကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များကို ကျူးလွန် ခြင်း ဖြစ်သည်ဟု စစ်တွေမြို့ခံများက ဆိုသည်။
ALP ဘက်ကမူ အဆိုပါကိစ္စရပ်များကို ၎င်းတို့ မလုပ်ဘူးဟု ငြင်းဆိုထားသည့်အပြင် လူထုအပေါ် ကျူးလွန်နေ သည့် ALP ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း သတင်းများ ရေးသားနေသည့် နိရဉ္စရာ၊ DMG၊ Western News၊ Arakan Bay News သတင်းဌာနတို့ကိုလည်း မဟုတ်မမှန် စွပ်စွဲပြီး ၎င်းတို့ကို သိက္ခာကျ အောင် သတင်းများ ရေးသားနေသည်ဟု ပြန်လည်ချေပ ပြောဆိုထားသည်။