ရခိုင်ပြည်သူများကို စစ်ကော်မရှင်သာမက မူဆလင် အစွန်းရောက်အဖွဲ့များကလည်း ခြိမ်းခြောက်နေ – AA ပြေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။ 

ရခိုင်ပြည်မှ ပြည်သူများသည် စစ်ကော်မရှင် သာမက မူဆလင်အစွန်းရောက် အဖွဲ့များထံမှ ခြိမ်းခြောက်မှုမျိုးစုံ နှင့်ပါ ရင်ဆိုင်နေရသည်ဟု အာရက္ခတပ်တော် ULA/AA က ပြောသည်။

ရခိုင်ပြည်ထဲတွင် အာရက္ခတပ်တော် ULA/AA အနေဖြင့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ဖြစ်နေသည့်အပြင် မူဆလင်အစွန်းရောက် အဖွဲ့များ၏ ခြိမ်းခြောက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည် အခြေအနေက ခြိမ်းခြောက်မှု မျိုးစုံအောက်မှာ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေပါ။ တစ်ဖက်မှာလည်း အကြမ်းဖက် စစ်ကောင်စီနဲ့ ကျနော် တို့ ရင်ဆိုင်နေရတယ်၊ နောက်တစ်ခုက မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေကိုလည်း ဆက်ပြီးတိုက်နေရတယ်။ တစ် ဖက်မှာ မူဆလင် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကိုလည်းပဲ ကျနော်တို့ ရင်ဆိုင်နေရ တယ်။ ရခိုင်ပြည်အခြေအနေက အသက်ရှင်ရပ်တည်ဖို့နဲ့ စစ်တိုက်ဖို့က တစ်ထပ်တည်း ကျနေတယ်လို့ ပြောလို့ ရပါတယ်။

အာရက္ခတပ်တော် ULA/AA က ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

AA သည် မောင်တောမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း နယ်စပ်ဒေသတွင် လုံခြုံရေး စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် AA က ထိန်းချုပ်ဒေသများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဆက်လုပ်နေသည့်အပြင် ARSA နှင့် RSO ကဲ့သို့သော ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များနှင့် နယ်စပ်တစ်လျှောက်တွင် ထိတွေ့ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ထိုပြဿနာများ အတွက် AA ဘက်မှ ခုခံကာကွယ်မှုများ ပြုလုပ်နေသလို ရန်သူများ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်သည် ဟု ဦးခိုင်သုခ က ဆက်ပြောသည်။

ဆိုတော့ ပြဿနာရှိတာက တစ်ခါတစ်ခါမှာ ကိုယ်က ဘာမှမလုပ်ပေမယ့် ကိုယ်က အေးအေးချမ်းချမ်း နေချင် ပေမယ့် တစ်ဖက်က ကျူးကျော် တိုက်ခိုက်လာတဲ့ အခါ ကိုယ့်ကို ရန်သူဘက်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ နည်း မျိုးစုံနဲ့ ဒုက္ခပေးဖို့ ကြိုးစားလာတဲ့အခါ ကိုယ့်ဘက်က ပြန်လည်ပြီးတော့ ခုခံချေမှုန်းဖို့အတွက် တာဝန်ရှိပါ တယ်။ ဒါကြောင့်ပဲ စစ်ပွဲ ဘယ်ချိန်ပြီး မလဲဆိုတာ ပြောဖို့ခက်ပါတယ်၊ ဒီအချက်ကတော့ ဘာနဲ့ဆိုင်လဲဆိုရင် အကြမ်း ဖက် စစ်ကောင်စီဘက်က သူတို့ရှေ့မှာ ဘာဆက်လုပ်မလဲ ဆိုတာနဲ့ ကျနော်တို့ တိုက်ရိုက် အချိုးကျပါ တယ်။ ဆိုတော့ ရန်သူဘက်က လှုပ်ရှားမှု အခြေအနေကို ကြည့်ပြီးတော့ ရှေ့ကို ဘာဆက်လုပ်မလဲဆိုတာ ပြော ရမယ့် အခြေအနေ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျနော်တို့ Islamization ခြိမ်းခြောက်မှု အခြေအနေ တွေနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့တွင်လည်း မူဆလင်လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်သော ARSA တပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရှိသော အာရက္ခတပ်တော် AA ၏ နယ်စပ်လုံခြုံရေး ကင်းစခန်းအချို့ကို အင်အား အများအပြားဖြင့် ဝင်ရောက် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များက ပြောသည်။

ထိုသို့ ရှောင်လွဲ၍ မရသည့် အခြေအနေများအား တန်ပြန်နိုင်ရန် လူထု အခြေပြု လုံခြုံရေး စနစ်တစ်ခု အခိုင်အမာ တည်ဆောက်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

ULA/AA က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေး အရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို ထုတ်ပြန်ခဲ့ပြီး အမျိုးသားများ အတွက် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အထိနှင့် အမျိုးသမီးများအတွက် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အထိ စစ်မှုထမ်းရန် ပြဋ္ဌာန်းခဲ့သည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်၏ နယ်မြေ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး ကျန်ရှိနေသော ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်များရှိ ကျေးရွာ အများစုကိုပါ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း AA က ဆိုသည်။

အာရက္ခတပ်တော် AA သည် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် အတူ ‘၁၀၂၇ စစ်ဆင်ရေး’ ကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ ပြီးနောက် ရခိုင်ပြည်တွင် စစ်ရေးအရ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မောင်တောမြို့နယ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကီလိုမီတာ ၂၇၀ ရှည် လျားသည့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်ရှိ စစ်ကော်မရှင်၏ နယ်ခြားစောင့်တပ် စခန်းများ အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ဖြစ်သည်။