မော်ချီး သတ္တုတွင်းဒေသ စစ်ကော်မရှင် ဗုံးကြဲ၊ လူ အသေအပျောက်များဟု ဒေသခံများပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
ခဲသတ္တုတွင်းများရှိရာ ကရင်နီပြည်၊ မော်ချီးမြို့ကို စစ်တပ်က တစ်ရက်အတွင်း နှစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှုအပြင် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးကို ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွစ် တစ်ကြိမ်၊ နေ့လည် ၁၂ နာရီခန့်တွင် တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “မော်ချီးကို လေယာဉ်နဲ့ ဗုံးကြဲသွားတယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ စစ်ကောင်စီက လေယာဉ်နဲ့ လာကြဲတာ တစ်ရက်တည်းမှာပဲ နှစ်ကြိမ်ပါဗျ။ အိမ်တွေရော ဆေးရုံရော ထိခိုက်ပျက်စီးသွားပါတယ်။” ဟု ပြောသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်က သေဆုံးသူ ၂ ဦးကိုသာ အတည်ပြုနိုင်သေးသော်လည်း ဒေသတွင် သတင်းမီဒီယာ များက သေဆုံးသူ ဦးရေ ၂၀ ကျော်ရှိသည်ဟု ပြောထားသည်။
မော်ချီးဒေသအတွင်းရှိ ဆေးရုံနှင့် မူကြိုကျောင်းနေရာတို့အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မော်ချီးမြို့က လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံမှာ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး (၁၆) ကုန်းရပ်ကွက်ရှိ မူကြိုကျောင်းမှာ နေ့လည်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ အရပ်သား ထိမှန် သေဆုံးမှုများအပြင် ထိခိုက်ဒဏ်ရာရရှိသူလည်း များကြောင်း မြေပြင်တွင် အကူအညီပေးနေသူများက ပြောသည်။
သို့သော် ထိမှန်သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ စာရင်းကိုမူ အတိအကျ မသိရသေးပေ။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုများထဲ နေအိမ်များ၊ ဆိုင်ခန်းများ၊ စားသောက်ဆိုင်၊ ဆေးရုံနှင့် မူကြိုကျောင်း နေရာတို့ ထိမှန်ပျက်စီးကုန်သည်ဟု ဆိုသည်။
မြေပြင်တွင် အကူအညီပေးနေသူ တစ်ဦးက “တိုက်နယ်ဆေးရုံပေါ့နော် ဒီဆေးရုံကတော့ တော်တော်လေး ပျက် သွားတယ်။ လူလည်း ထိတယ်။ ဒဏ်ရာ ရတဲ့လူလည်း များတယ်။ အသေးစိတ်တော့ ပြောလို့ရမသေးဘူး” ဟု ပြောသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာလည်း အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကော်မရှင်တပ်သည် ဇူလိုင်လအတွင်း၌လည်း မော်ချီးဒေသကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု ၃ ကြိမ် ထက်မနည်းလုပ်ခဲ့ရာ ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။