မော်ချီး သတ္တုတွင်း ဗုံးကြဲ၊ အရပ်သား တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
ကရင်နီ (ကယား) ပြည်၏ အဓိကစီးပွားရေး အချက်အချာဖြစ်သော မော်ချီးခဲသတ္တုတွင်းဒေသကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ခဲလုပ်သားတစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးဒေသ၊ အမှတ် (၄) ခဲကျင်းနေရာကို ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယခင်ဖြစ်စဉ်များကဲ့သို့ ကင်းထောက်လေယာဉ်များ ကြိုတင်ပျံသန်းလာခြင်းမရှိဘဲ ရုတ်တရက် ဗုံးကြဲချခဲ့သည့် အပြင် စက်သေနတ်များဖြင့်ပါ အတွဲလိုက် ပစ်ခတ်ခဲ့ခြင်းကြောင့် အလုပ်ခွင်အတွင်းရှိ လုပ်သားများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် အချိန်မရခဲ့ကြပေ။
ခဲလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက “သေတဲ့ တစ်ယောက်ကတော့ ဟိုဖက်ဒီဖက် ပေါက်သွားတယ်။ ရုတ်တရက်ဆို တော့ ဘယ်သူမှ ထင်မထားဘူးလေ။ အများကြီး ထိကြတယ်။ ကျင်းထဲဝင်ပုန်းချိန်တောင် မရလိုက်ဘူး” ဟု ပြောသည်။
ယမန်နေ့က တိုက်ခိုက်မှုအတွင်း ဗုံးစထိမှန်ခဲ့သူများထဲက တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်ရှိသည့် ဒဏ်ရာရရှိ သူ ငါးဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများက ပြောသည်။
မော်ချီးဒေသသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို အကြိမ် ပေါင်း ၂၀ ထက်မနည်း ခံစားခဲ့ရသည့် ဒေသဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အမှတ် (၃) နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။
ကရင်နီတော်လှန်ရေး အဖွဲ့ တာဝန်ရှိသူသူများ၏ သုံးသပ်ချက်အရ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်သည် ဘောလခဲမြို့မှတစ်ဆင့် မော်ချီးဒေသကို ပြန်လည် ထိန်းချုပ် နိုင်ရန် စစ်ရေးအရှိန်မြှင့်တင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မော်ချီးဒေသအတွင်း က အရပ်သားပစ်မှတ်များကိုသာ ဦးတည်ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။