အင်းတော်မြို့နယ်အတွင်း အရပ်သား ကျေးရွာကို ဗုံးကြဲ၊ မိသားစု ဝင် ၇ ဦး အပါအဝင် ၈ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးပါသော မိသားစုဝင် ၇ ဦး အပါအဝင် အရပ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်၊ ည ၉ နာရီဝန်းကျင်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ တစ်စီးက ဗုံးသီး ၃ လုံးဖြင့် မော်လူးမြို့နယ် အတွင်းရှိ လေဘိုကျေးရွာအတွင်းသို့ ပစ်မှတ်ထား ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၈ ဦးအနက် ၇ ဦးမှာ မိသားစုဝင်များဖြစ်ကြပြီး၊ အခြားအရပ်သား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက သေဆုံးသူတွေ အကုန်လုံးက အရပ်သားတွေချည်းပဲ။ အဲ့အရပ်သားတွေထဲ ၈ ယောက်ဆုံးတယ်။ ၂ ယောက်ဒဏ်ရာရတယ်။ ၇ ယောက်ကတော့ မိသားစုတစ်စုတည်း ဖြစ်သွားတာပေါ့။ သားတွေသမီးတွေ၊ အဲ့သားသမီးတွေရဲ့ မိန်းမရယ်ကလေးရယ်ပေါ့။ ပြီးတော့ ဘေးအိမ်က တစ်ယောက်ပေါ့လေ ဟု ပြောသည်။

လေဘိုကျေးရွာသည် ယခင်က တစ်ကြိမ်မျှ လေကြောင်းတိုက်ခိုက်ခံရဖူးခြင်း မရှိသည့်အပြင် ကျေးရွာအတွင်း တော်လှန်ရေးအင်အားစုများ အခြေစိုက်နေထိုင်ခြင်း မရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။

မော်လူးမြို့နယ်အတွင်း စစ်ကောင်မရှင်တပ်သည် ဇန်နဝါရီလ တစ်လအတွင်း ၃ ကြိမ်တိုင်တိုင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၉ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး၊ စုစုပေါင်း ၁၄ ဦးအထိ အသက် ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့က ပဲခူးကျေးရွာ ပလဖရုံး တိုက်ခိုက်ခံရမှုတွင် ၁၂ တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့သလို၊ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း မာန်ဟဲကျေးရွာ ပကဖရုံး တိုက်ခိုက်ခံရမှုကြောင့် KIA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရသည်။

ဒေသခံအမျိုးသားက ပစ်တဲ့နေရာတွေကလည်း တစ်လအတွင်းကို ၃ ကြိမ်ဗျာ။ သူတို့က သတင်းတွေ အတိ အကျရတာ။ နေရာတွေကလည်း ပလဖ စခန်း၊ ပကဖစခန်းတွေ နောက်ဆုံးကြဲတဲ့ လေဘိုရွာမှာတော့ တော်လှန်ရေးအင်အားစုတွေ ရွာထဲမနေဘူး။ ဒါကတော့ ရွာကို ဦးတည်ကြဲသွားတာပေါ့ ဟု ပြောသည်။

မော်လူးမြို့သည် မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် မြို့တစ်မြို့ဖြစ်သည်။ 

စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ထားရသည့် နယ်မြေများရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထား ကာ လေကြောင်းမှ အငြိုးအတေးဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။