၅ နှစ်အတွင်း ထောင်တွင်း သေဆုံးမှု စံချိန်တင် မြင့်မားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်တာကာလအတွင်း ထောင်တွင်းသေဆုံးမှု စံချိန်တင်မြင့်တက် ခဲ့ပြီး အိုးဘိုထောင်တွင် သေဆုံးသူ အများဆုံးဖြစ်နေသည်ဟု မြန်မာအကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ထုတ်ပြန်လိုက်သည်။

အကျဉ်းထောင်အသီးသီး၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ စုစုပေါင်း ၂၇၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာပင် ၁၁၃ ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးရသည့် အကြောင်းရင်းများတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းမှာ ၅၁ ရာခိုင် နှုန်းကျော်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခြင်းတို့က ကျန်ရှိသော အပိုင်းကဏ္ဍများတွင် ပါဝင်နေသည်။

အကျဉ်းထောင်များ အတွင်း အကျဉ်းသူ/သားများအား ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းနှင့် ဆေးဝါးကုသ ခွင့် မပေးခြင်းသည် လူသား တစ်ယောက် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်‌နေခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြော သည်။

အထူးသဖြင့် အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေဟာ အကျဉ်းသား အခွင့်အရေးရော လူ့အခွင့် အရေး ရော ဆုံးရှုံးနေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထောင်ထဲမှာရှိတဲ့ လက်ရှိ ပြည်သူ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အသက်ရှင်သန် ပိုင်ခွင့်ကို အဆိုး ဝါးဆုံး ခြိမ်းခြောက်ခံရတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ပြောချင်ပါတယ်။ အဲ့တော့ အကျဉ်းထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာ အကျဉ်းသားတွေ အရေးပေါ်ဖြစ်တဲ့ အခြေအနေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြင်ပဆေးရုံ မထုတ်တာဟာ တစ်ဖက်ကနေ နိုင်ငံရေး အကျဉ်းသားတွေ အသက်သေဆုံးအောင် သတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။

အကျဉ်းထောင်အလိုက် ကြည့်မည်ဆိုပါက မန္တလေး အိုးဘိုအကျဉ်းထောင်သည် သေဆုံးသူ ၉၆ ဦးဖြင့် အဆိုးရွားဆုံးဖြစ်နေပြီး၊ ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ၆၂ ဦး သေဆုံးခဲ့သည်။ 

အထူးသဖြင့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဘေးတွင် အဆောက်အအုံပြိုကျမှုကြောင့် အိုးဘိုထောင်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၉ ဦး သေဆုံးခဲ့ရ သည့် ဖြစ်စဉ်မှာ ထောင်တွင်းဘေးအန္တရာယ် ကာကွယ်ရေး ယန္တရား ပျက်စီးနေမှုကို ပြသရာရောက်ခဲ့သည်။

ယခုကဲ့သို့ ထောင်တွင်း အသေအပျောက် များပြားလာမှုနှင့် ပတ်သက်ပြီး နိုင်ကျဉ်းဟောင်းတစ်ဦးက ဒီကိန်းဂဏန်းတွေဟာ အကျဉ်းထောင် ယန္တရားတစ်ခု လုံးက နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးအတေးနဲ့ ရည်ရွယ်ချက်ရှိရှိ သေတွင်းထဲ ပို့နေတာကို သက်သေပြနေ တာပါ။ ဆေးကုသခွင့် ပိတ်ပင်တာ၊ ညှဉ်းပန်းနှိပ်စက် တာတွေဟာ မတော်တဆဖြစ်ရပ်တွေ မဟုတ်ဘဲ စနစ် တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ လက်ထဲမှာတင် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အသက်ဟာ စက္ကန့်နဲ့အမျှ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ် ဟု ပြောသည်။

သေဆုံးသူများအနက် အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား လူငယ်များမှာ ၇၆ ဦးဖြင့် အများဆုံးဖြစ်သလို၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အို ၄၆ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တစ်ဦးလည်း ပါဝင်နေသည်။ 

၎င်းအခြေအနေသည် စစ်ကော်မရှင်၏ အကျဉ်းဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) ပါ အသက်ရှင်သန်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု MPW က သုံးသပ်ထားသည်။

မြန်မာအကျဉ်း ထောင်သက်သေ (MPW) အဖွဲ့သည် နိုင်ငံရေးအရ မတရားဖမ်းဆီးခံထားရသူအားလုံးကို ချွင်း ချက်မရှိ လွှတ်ပေးရန်၊ သေဒဏ်စနစ်ကို ဖျက်သိမ်းရန်နှင့် နှိပ်စက်သတ်ဖြတ်မှုတွင် ပါဝင်သည့် ထောင်အာဏာ ပိုင်များကို ထိရောက်စွာ အရေးယူရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အရေးပေါ် တောင်းဆိုထား သည်။ 

ဤအစီရင်ခံစာသည် မတရားကြွေလွင့်သွားရသော နိုင်ငံရေးအကျဉ်းသားများအတွက် ဂုဏ်ပြုမှတ်တမ်းတစ်ခု ဖြစ်သလို၊ ကျန်ရှိနေသူများအတွက် တရားမျှတမှု ရှာဖွေပေးရန် လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်သည်။

ယခုကဲ့သို့ နှစ်စဉ်သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေမှာ အနီရောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေပြီး နိုင်ကျဉ်း အရေး စောင့်ကြည့်နေသူများက ပြောသည်။

ထို့ပြင် ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် နိုင်ငံတကာက လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် လိုလားသည်ဟု ဆိုကြသည်။