အကျဉ်းထောင်များကို ငရဲခန်းများ အဖြစ် ပြောင်းလဲ အသုံးချနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များသည် ပြည်သူကို နှိပ်ကွပ်သည့် ဖိနှိပ်ရေးယန္တရားနှင့် ‘လူ့ငရဲခန်း’ များအဖြစ်သို့ ပြောင်းလဲအသုံးချခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ထောက်ပြဝေဖန်လိုက်သည်။

စစ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အကျဉ်းထောင်များ၏ အခြေအနေမှာ လူ့ဂုဏ်သိက္ခာကို အောက် ဆုံးအဆင့်အထိ ချိုးဖောက်နေသည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ယခုကဲ့သို့ ဆိုသည်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် လူဦးရေ များလာတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အကျပ်အတည်း နေထိုင်ရ တာရှိတယ်။ ဆေးဝါးကုသခွင့်တွေမှာ ကန့်သတ်ခံထားရတာတွေ ရှိတယ်။ တချို့နိုင်ငံရေး အကျဉ်းသားတွေမှာ ဆိုရင် မိသားစုတွေ့ဆုံခွင့် ကန့်သတ်ခံထားရတာရှိတယ်။ ပြီးတော့ တိုက်ပိတ်ထားတဲ့ အခန်းတွေ လက်ရှိအချိန် ထိ တိုက်ပိတ်ပြီးတော့ ခေါ်ထုတ်ရိုက်နှက်တဲ့ ဖြစ်စဉ်တွေက ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင် တွေကို လူ့ငရဲခန်းလို့ ခေါ်ဝေါ်ရလောက်အောင်ကို လူ့ဂုဏ်သိက္ခာကို ချိုးဖောက်နေတဲ့ အခြေအနေ ရှိနေပါ တယ်။

Myanmar Prison Witness (မြန်မာအကျဉ်းထောင် သက်သေ အဖွဲ့) ၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းထားသည့် ၅ နှစ်အတွင်း ကြီးမားသည့် ထောင်တွင်းဆန္ဒပြမှု ၁၈ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း နိုင်ငံရေး အကျဉ်းသား အပါအဝင် အကျဉ်းသား အနည်းဆုံး ၁၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ 

ထို့ပြင် အကျဉ်းသား ၄၀၀ ကျော်မှာလည်း ရိုက်နှက်နှိပ်စက်ခံရခြင်းနှင့် တိုက်ပိတ်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရ သည်ဟု ဆိုသည်။

ထိုကဲ့သို့သော ဖိနှိပ်မှုများကြားမှပင် နိုင်ကျဉ်းများသည် ထောင်တွင်း မတရားမှုများကို ရပ်တန့်ရန်၊ အထိမ်း အမှတ်နေ့ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန်နှင့် ပြည်သူကို သတ်ဖြတ်နေမှုများအပေါ် ကန့်ကွက်ရန်အတွက် အသက်နှင့်ရင်း၍ တောင်းဆိုမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြသည်။ 

မရောင်နီလင်းက နိုင်ကျဉ်းများ၏ စိတ်ဓာတ်နှင့်ပတ်သက်၍ ယခုကဲ့သို့ ဆက်ပြောသည်။ လွတ်လပ်ချင်တဲ့ ဆန္ဒ၊ အချုပ်အနှောင်မှာ မနေချင်တဲ့ဆန္ဒ ပြသတာ ဖြစ်တယ်။ အကျဉ်းထောင်တွေဆိုတာက တိတ်ဆိတ်စွာ ထိန်းချုပ် ထားတဲ့ နေရာတစ်ခု မဟုတ်ဘူး ပေါ့နော်။ အသံတွေ ထွက်လို့ ရတယ် ဆိုတဲ့ အကြောင်းကို ပြသတာ ဖြစ်တယ်။ အပြင်ဘက်လူထု ဒီထောင်ထဲမှာ မဟုတ်တဲ့ ပြည်သူလူထုတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတဲ့ စိတ်ဓာတ် ချိတ် ဆက်မှုတွေလည်း ရှိနေတယ်ဆိုတဲ့ အကြောင်း ပြသတာ ဖြစ်တယ်။ ပြီးတော့ အာဏာရှင်စနစ်ရဲ့ တရားဝင်မှုကို ဖော်ထုတ်တာမျိုးလည်း ဖြစ်ပါတယ်။

လက်ရှိတွင် အကျဉ်းဦးစီးဝန်ထမ်းများသည် အခြားရာဇဝတ် အကျဉ်းသားများကို ‘တန်းစီး’ အဖြစ် လက်ကိုင် တုတ် ခန့်အပ်ကာ နိုင်ကျဉ်းများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေ ခြင်းနှင့် ဆေးကုသခွင့် ပိတ်ပင်ခြင်းများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ကာ ကျူးလွန်နေကြောင်း PPNM က ဆိုသည်။

PPNM အနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ရိုက်နှက်နှိပ်စက်မှုများ ရပ်တန့်ရန်နှင့် လွတ်လပ်သည့် စောင့်ကြည့်စစ်ဆေးခွင့်များ ပေးရန် တောင်းဆိုထားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ စစ်အာဏာသိမ်း ပြီးနောက် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၃၀,၄၉၇ ဦးရှိပြီး ၎င်းတို့အနက် ၂၂,၇၈၃ ဦးမှာ အကျဉ်းထောင် အသီးသီးတွင် ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်သည်။ 

ဓါတ်ပုံ – PPNM