ဗန်းမောက်မြို့သိမ်း တိုက်ပွဲတွင် နိုင်ကျဉ်း ၃ ဦး လွတ်မြောက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဥ်းသား ၃ ဦး လွတ်မြောက်လာသည်။
စစ်ကိုင်း – ကချင်အစပ်က ဗန်းမောက်မြို့ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ပြီးနောက် ဗန်းမောက် အချုပ်ထောင်ရှိ နှစ်ရှည် နိုင်ငံရေး အကျဥ်းသား ၃ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
လွတ်မြောက်လာသူများနှင့်နီးစပ်သူတစ်ဦးက “ဆရာမက NUG အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဟုတ်တယ်။ တစ်ယောက်က ထောက်ပို့ အဲ့တစ်ယောက်က ထောင်ဒဏ် တစ်သက်ကျထားတာ။ နောက် တစ်ယောက်ကတော့ နိုင်ငံရေးမှုပဲတဲ့ ဘယ်လိုလူ ဘယ်လိုအမှုလည်းတော့ မသိဘူး။ ကျနော့ အထင် သူတို့ကို အကျဥ်းထောင်မှာပဲ ထောင်မပြောင်းပဲ ချထားတယ်ထင်တယ်” ဟု ပြောသည်။
တော်လှန်ရေးအင်အားစုများကို ထောက်ပို့လုပ်ရင်း ဖမ်းဆီးခံခဲ့ရသည့် ထောင်ဒဏ် တစ်သက်ကျခံနေရသူ အမျိုးသားတစ်ဦး အပါအဝင် NUG လက်အောက်တွင် တိုက်နယ်တာဝန်ခံ လုပ်နေသည့် CDM ပညာရေး ဝန်ထမ်း အမျိုးသမီး နှင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဥ်းသားတို့ ထွက်ပြေး လွတ်မြောက်လာ ခြင်း ဖြစ်သည်။
လုံခြုံရေး အခြေအနေအရ လွတ်မြောက်လာသူများ၏ နာမည်အတိအကျကိုမူ ထုတ်ဖော် ပြောဆို၍ မရသေး ဟု ဆိုသည်။
ထွက်ပြေး လွတ်မြောက်လာသူများသည် ဗန်းမောက်မြို့တွင် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ပြီး ထောက်ပို့လုပ်သူ အမျိုးသားနှင့် CDM ဆရာမသည် ပုဒ်မ ၅၀ – ည၊ ၅၂ – က စသည့် ပုဒ်မများဖြင့် အကျဥ်းချခံထားရသူများ ဖြစ် ကြသည်။
ထောင်ဒဏ် ၇ နှစ် ချခံထားရသူ အမျိုးသားသည် ပုဒ်မ ၅၀၅ – က ဖြင့် အကျဥ်းချခံထားရသူ ဖြစ်ပြီး မူးယစ်ဆေး မှုဖြင့် အကျဥ်းကျနေသည့် အမျိုးသားတစ်ဦးလည်း လွတ်မြောက်လာသေးသည်ဟု နီးစပ်သူများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကော်မရှင်က အာဏာသိမ်းမှုဖြစ်စဥ်နှင့် ဆက်စပ် ပြီး စုစုပေါင်း ၂၉,၇၁၁ ဦး ကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများထဲမှ လူဦးရေ ၂၂,၄၃၀ ဦးမှာ ထိန်းသိမ်းခံရဆဲ ဖြစ်ကာ ၁၁,၁၀၃ ဦးသည် ထောင်ဒဏ် ချမှတ် ခံထားရကြောင်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။