ဖယ်ခုံရောက် ပင်လောင်း စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။ 

ဖယ်ခုံရောက် ပင်လောင်း စစ်ဘေးရှောင်များ အတွက် နေရာထိုင်ခင်း အကူအညီ အရေးပေါ် လိုအပ်သည်ဟု အကူအညီ ပေးနေသူများက ပြောသည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဖယ်ခုံမြို့နယ်ရောက် ပင်လောင်း စစ်ဘေးရှောင်များအတွက် အမိုး၊ အကာ၊ နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက် နေသူများက ပြောသည်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် JFK အဖွဲ့ ဦးဆောင်သူ တစ်ဦးက ဖယ်ခုံ အနောက်ဘက် ခြမ်းက ရွာတွေမှာ နေထိုင်နေကြပါတယ်။ တောင်မဲသင်းကို စကစ စစ်ကြောင်းထိုးလာပြီး ရသွားတော့ နေလို့ မရတော့ဘူး။ အဲဒီကနေ တဆင့် ထပ်ထိုးဖို့ ပြင်နေလို့ အနီးနားကရွာတွေ ရှောင်ပြေးနေရတာပါ ဟု ပြော သည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာသို့ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) တို့က စစ်ကြောင်း ထိုးလာသဖြင့် ဒေသခံများ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အိမ်ထောင်စု ၁၅ စုမှ လူဦးရေ ၁၀၀ ဝန်းကျင် ခိုလှုံနေကြပြီး ယာယီတဲ ၁၅ လုံး ဆောက်လုပ်ပေးရန်အတွက် အလှူငွေများ လိုအပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် တဲများ ဆောက်လုပ်ပေးရန် အတွက် JFK နှင့် Dove KK ဆိုသည့် အကူအညီပေးရေး အဖွဲ့တို့မှ တာဝန်ယူထားပြီး တဲတစ်လုံးအတွက် ကျပ် ၁၀ သိန်း ကျသင့်မည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါ စစ်ရှောင်များအတွက် အခြား အသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိသည်ဟု ပြောသည်။

စစ်ကော်မရှင် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တောင်မဲသင်းနှင့် နန်းနိန်းကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းကိုလည်း ဆက်လက် စစ်ကြောင်းထိုး နေသည်ဟု မြေပြင်အရင်းအမြစ်များက ဆိုသည်။

JFK အဖွဲ့ ဦးဆောင်သူက လက်ရှိကတော့‌ နေလို့ရတဲ့ ရွာတွေ ကျန်နေသေးပေမယ့် တော်တော်များများကတော့ ရှောင်ရတာပေါ့။ မရိတ်နိုင်သေးတဲ့ လယ်တွေ ကျန်ခဲ့လို့ စိုးရိမ်စိတ်နဲ့ အခြေအနေ စောင့်ကြည့်ပြီး ကျန်ခဲ့တဲ့ တောင်သူတွေလည်း လူနည်းစု ရှိပါတယ် ဟု ဆက်ပြောသည်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်းတို့အပြင် လေကြောင်းမှလည်း တိုက်ခိုက်မှုများလည်း လုပ်နေသည်ဟု ဆိုသည်။

ပင်လောင်းမြို့နယ်တွင် ကာကင်းစခန်း အချို့အား တော်လှန်ရေး တပ်များက လက်လွှတ်ထားရပြီး ဖြစ်သည်။

သို့သော် အဆိုပါ နေရာများကို အပြီးသတ် သိမ်းယူထားခြင်းမျိုး မဟုတ်သေးသောကြောင့် နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။