KK Park အလုပ်သမား ထောင်ချီ ထိုင်းဘက်ထွက်ပြေး၊ ကျားဖြန့်အဆောက်အအုံ ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

မြန်မာ – ထိုင်းနယ်စပ်၊ မြဝတီမြို့နယ်ရှိ KK Park ကျားဖြန့်လုပ်ငန်းခွင် ၌ စစ်ရေးတင်းမာမှုများကြောင့် အလုပ်သမား ထောင်နှင့်ချီ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး၊ မြန်မာဘက်ခြမ်းတွင်လည်း အဆောက်အအုံအချို့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

စစ်တပ်က KK Park ကို ထပ်မံဝင်ရောက်မည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းကြောင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် အလုပ်သမားများ အုတ်အော်သောင်းနင်း ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

အများစုသည် ရွှေကုက္ကိုလ်မြို့သစ်ဘက်သို့ တိမ်းရှောင်ကြပြီး၊ တချို့မှာ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းအထိ KK Park မှ ထွက်ပြေးလာသူ ၆၇၇ ဦး ထိုင်းဘက်သို့ ရောက်ရှိလာသည်။

တရားမဝင် ဝင်ရောက်လာသူများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်နှင့်ချီ ရှိသည်။

၎င်းတို့အနက် တရုတ်နိုင်ငံသား အများဆုံးပါဝင်ပြီး၊ ပတ်စ်ပို့မရှိသူများနှင့် မှုခင်းရာဇဝတ်မှု မှတ်တမ်းရှိသူများပါ တွေ့ရှိရကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းတွင် မြန်မာဘက်ခြမ်း၌လည်း KK Park ထဲရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် အဆောက်အအုံ အချို့ကို စစ်တပ်နှင့် BGF တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ သည်ဟု BGF အရင်းအမြစ်များက အတည်ပြုသည်။