နိုင်ကျဉ်း ၃၀ ကျော် ရိုက်နှက် တိုက်ပိတ် ခံနေရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

မကွေးထောင်တွင် နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ကျော်ကို ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ထားသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

မကွေးအကျဉ်းထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၃၅ ဦးကို ထောင်အာဏာပိုင်များက ဝါယာကြိုးများ၊ နံပါတ်တုတ်များဖြင့် အကြမ်းဖက်ရိုက်နှက်နှိပ်စက်ပြီးနောက် တစ်လနီးပါးကြာသည်အထိ တိုက်ပိတ်ပြစ်ဒဏ် ပေးထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်းသားမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက “ထောင်ထဲမှာက အခုထိ တိုက် ပိတ်ထားတုန်းပဲလို့ သိရတယ်။ အရိုက်ခံရတဲ့သူတွေထဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့သူတွေလည်း ပါတော့ ကျန်းမာရေးအတွက် အရမ်းစိုးရိမ်ရပါတယ်။ ထောင်ဝင်စာတွေ့ဖို့လည်း ကန့်သတ်ထားတာတွေ ရှိနေတော့ သူတို့ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ အတိအကျမသိရဘဲ ရင်တမမ ဖြစ်နေရတယ် ဟု ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်များကို ဆေးကြောရန် ထောင်အာဏာပိုင်များက ခိုင်းစေခဲ့ရာမှ စတင်ခဲ့သည်။ 

ထိုသို့ခိုင်းစေမှုကို မဆောင်ရွက်နိုင်ကြောင်း ပြောဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို မျက်နှာအဝတ်စည်းကာ ခေါင်းကွဲဒဏ်ရာများ ရရှိသည်အထိ အုပ်စုဖွဲ့ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဤအကြမ်းဖက်မှုတွင် ထောင်ဝန်ထမ်းများ ပါဝင်ကျူးလွန်ခဲ့သည့်အပြင် တန်းစီးများနှင့် အခန်းလူကြီးများကိုပါ လုပ်ပိုင်ခွင့်ပေးကာ ရိုက်နှက်ခိုင်းခဲ့ကြောင်း (PPNM) က ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ထောင်တွင်းဈေးဆိုင်များ၌ ကုန်ဈေးနှုန်း မတန်တဆကြီးမြင့်နေမှုကို တွန်းလှန်ရန်အတွက် ‘ကွမ်းဖြတ် တောက်ရေး လှုပ်ရှားမှု’ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကိုလည်း ထောင်ဝန်ထမ်းများက ထပ်မံ ရိုက်နှက်ကာ ခြေကျင်းခတ်၍ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ (PPNM) က ဆိုသည်။

PPNM ၏ တာဝန်ရှိသူတစ်ဦးက ဒါဟာ အကျဉ်းသားအခွင့်အရေးနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ပြောင် ပြောင် တင်းတင်း ချိုးဖောက်တာပါ။ ထောင်ဝန်ထမ်းတွေ ကိုယ်တိုင် အကြမ်းဖက်မှုမှာ ပါဝင်နေသလို၊ တန်းစီး တွေကို လုပ်ပိုင်ခွင့်ပေးပြီး ရိုက်နှက်ခိုင်းနေတာတွေကို ကျနော်တို့ PPNM အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချ ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မကွေး အကျဉ်းထောင်အတွင်း၌ ထောင်ဝင်စာပစ္စည်း ပေးပို့မှုများကိုပါ ကန့်သတ်ပိတ်ပင်ထားပြီး ဧည့်တွေ့ခွင့်အတွက်ပါ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။