နိုင်ကျဉ်းများအား နှိပ်စက်သော ဝန်ထမ်းများအား အရေးယူနိုင်ရန် NUG ကြိုးပမ်းနေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်။ 

နိုင်ငံတဝှမ်းက အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်သတ်ဖြတ်ရာတွင် ပါဝင် ပတ်သက်နေသူ ဝန်ထမ်းများအား အပြစ်ပေးအရေးယူနိုင်ရေး NUG က ဆောင်ရွက်နေသည်ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများတွင် ပါဝင်ပတ်သက်နေသည့် အကျဉ်း ဦးစီးဌာနမှ စစ်ကောင်စီ ထောက်တိုင် ဝန်ထမ်းများကို အရေးယူဆောင်ရွက်သွားမည်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပေါ် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ထောင် တွင်း လူသတ်မှုတွေ ကျူးလွန်နေတဲ့ ဖြစ်စဉ်တွေမှာ ပူးပေါင်း ပါဝင်ပတ်သက်နေကြတဲ့ အကျဉ်း ဦးစီးဌာနက စစ်ကောင်စီ ထောက်တိုင် ၇၀၀၀ ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း ရရှိ ထားပြီး ဖြစ်ပြီး ၎င်းတို့ တစ်ဦးချင်းစီရဲ့ ပူးပေါင်း ပါဝင်ပတ်သက်မှုတွေ အပေါ် မူတည်ပြီး ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူ ဆောင် ရွက်နိုင်ဖို့ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။” 

ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် တွင် ပြောကြားခဲ့သည်။

ယခုပြောဆိုမှုသည် ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားများ ဆက်တိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး နောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ဇူလိုင်အတွင်း၌ ထောင်တွင်း မတရားညှဉ်းပန်း နှိပ်စက်ခံမှုနှင့် ဆေးဝါးကုသခွင့် မရခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသား ၆ ဦးသေဆုံးမှုရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ၏ စာရင်းများတွင် ဖော်ပြထားသည်။ 

မန္တလေး အိုးဘိုထောင်တွင် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူခဲ့သည့်အပြင် အိုးဘိုထောင်တွင် ဦးမြင့်ဝေ၊ သထုံထောင်တွင် ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် ကိုပြည့်စုံအောင်၊ အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ မဝတ်ရည်အောင်၊ ပေါင်းတည်ထောင်တွင် ကိုလှမင်း (ခေါ်) ကိုလှကြီးတို့ သေဆုံးသွား သည်ဟု PPNM က ထုတ်ပြန်ထားသည်။

ဤသေဆုံးမှုများသည် အကျဉ်းထောင်များအတွင်း ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ သက်သေဖြစ်ပြီး ၎င်းပြစ်မှုများတွင် ပါဝင်ပတ်သက် နေသူများကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် NUG က ကြိုးပမ်းနေကြောင်း ဦးနေဘုန်းလတ်က ဆက်ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က ပေါက်ကြားလာတဲ့ အချက် အလက် ပေါင်းများစွာရဲ့ မှန်ကန်မှုနဲ့ ခိုင်မာမှုကို စိစစ်လေ့လာ သုံးသပ်လျက်ရှိပါတယ်။ ဒီအချက် အလက် တွေဟာ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အားပေးအားမြောက်ပြုသူတွေ၊ ပူးပေါင်း ပါဝင်ပတ်သက်သူတွေ၊ အလိုတူ အလိုပါတွေကို လက်ရှိကာလ အရေးယူ အပြစ်ပေးနိုင်ဖို့အပြင် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ အတွက်ပါ ထိရောက်စွာ အသုံးပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထိုသို့ တရားမျှတမှု ဖော်ဆောင်ရေးအတွက် အဓိကကျသည့် သက်သေ အထောက်အထားအဖြစ် စစ်ကောင်စီ ဘက်မှ ပေါက်ကြားလာသည့် အချက်အလက်များမှ တစ်ဆင့် အကျဉ်းဦးစီးဌာန အောက်ရှိ ဝန်ထမ်း ၇,၀၀၀ ကျော်၏ ကိုယ်ရေး အချက်အလက်များကို စုဆောင်းရရှိထားသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG အနေဖြင့် ဤအချက်အလက်များကို အတည်ပြု စိစစ်နေပြီး တော်လှန်ရေး ကာလအတွင်း အရေးယူမှုများ အတွက်သာမက အနာဂတ် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင်ပါ ထိရောက်စွာ အသုံးပြုသွားမည် ဖြစ်ဟု ဆိုသည်။

PPNM ကလည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန၊ အရာရှိ ၁၃၃ ဦး၏ အမည်စာရင်းများကို ထုတ်ပြန်လိုက်ပြီး စစ်ဆေး ဖမ်းဆီးပေးရန် တော်လှန်ရေး တပ်ဖွဲ့များကို တောင်းဆိုထား သည်။

PPNM က စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့် ဒု-ညွှန်ကြားရေးမှူးချုပ် အပါအဝင် ညွှန်ကြားရေးမှူး ၁၉ ဦး၊ ဒုညွှန်ကြားရေးမှူး ၁၉ ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ၉၃ ဦးတို့၏ အမည်စာရင်းများကို မှတ်ပုံတင်နံပါတ်များနှင့် အတူ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန၊ အရာရှိများသည် အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်နေသည်ဟု ဆိုသည်။

အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းမှုများကြောင့် သေဆုံးခဲ့ရသူ အရေအတွက် မှာလည်း စိုးရိမ်ဖွယ်ရာ မြင့်တက်လျက်ရှိသည်ဟု NUG က ပြောသည်။