NUG အထူးတိုင်းစစ်ဌာနချုပ် လေကြောင်းမှ ဗုံးကြဲခံရပြီး CDM အရာရှိနှင့် ရဲဘော်အချို့ ကျဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ် ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနချုပ် အခြေစိုက်နေရာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် CDM လေတပ်အရာရှိတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များ ကျဆုံးကာ ကွပ်ကဲရေး မှူး အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ ဒဏ်ရာရရှိခဲ့ကြသည်။
စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် စစ်ဘက်ဆိုင်ရာ သင်တန်းတစ်ခု ပြုလုပ်နေသည့် NUG အထူးတိုင်းစစ်ဌာန၏ စခန်းနေရာကို စစ်အုပ်စုတပ်က တိုက်လေယာဉ်များအပြင် Y-12 ထောက်ပံ့ရေး လေယာဉ်များပါ အသုံးပြု၍ ဗုံး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “လေယာဉ်နဲ့ ဗုံး ကြဲပြီးတာနဲ့ သိမ်ဇရပ် အမှတ် (၃၁၀) အမြောက် တပ်ရင်းကပါ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာပါ။ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ကြောင့် CDM လေတပ်တပ်ကြပ်ကြီး နေဝင်းအောင်အပါအဝင် ရဲဘော်တွေ ကျဆုံးခဲ့ရတာပါ။ ကျနော်တို့ရတဲ့ အချက်အလက်ကတော့ ၄ ယောက်လို့တော့ ရထားတယ်။ အသေးစိတ်ဆက်မသိရသေးဘူး” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် လေတပ်တပ်ကြပ်ကြီး နေဝင်းအောင်နှင့် PDF ရဲဘော်အနည်းဆုံး ၄ ဦးခန့် ကျဆုံးခဲ့ပြီး အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ကိုအောင်စံရှားအပါအဝင် ၄ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
သို့သော် မြေပြင်စစ်ကြောင်းများ အနီးဝန်းကျင်သို့ ထိုးစစ်ဆင်လာနေသဖြင့် သေဆုံး/ဒဏ်ရာရ စာရင်း အတိအကျကို အတည်မပြုနိုင်သေးဘဲ ကျဆုံးသူ အရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း နယ်မြေခံများက ဆိုသည်။
အဆိုပါ စစ်ရေးသတင်းရင်းမြစ်က “တိုက်ခိုက်မှုအပြီးမှာလည်း အနားက တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေသလို မြေပြင်စစ်ကြောင်း ၂ ကြောင်းပါ ထိုးလာတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသ ပေးဖို့အတွက် မြေပြင်မှာ အခက်အခဲအများကြီး ကြုံနေရတုန်းပဲ” ဟု ပြောသည်။
အဆိုပါ NUG အထူးတိုင်းစစ်ဌာနသည် ပဲခူးတိုင်း၊ မွန်ပြည်နှင့် ကရင်ပြည် နယ်စပ် စစ်တောင်းမြစ်ဝှမ်းဒေသ များတွင် အဓိက စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း တော်လှန်ရေး အင်အားစုများနှင့် နီးစပ်သူများကမူ လူမှုကွန်ရက်ပေါ်တွင် ကျဆုံးသွားသည့် ရဲဘော်များအတွက် ဝမ်းနည်းကြောင်း စာလွှာများ ရေးသားဖော်ပြနေကြသည်။
ဓာတ်ပုံ- (အထူးတိုင်းစစ်ဌာန / ယခုနှစ်အတွင်း အထူးတိုင်းစစ်ဌာန အစည်းအဝေးတစ်ခုတွင် တွေ့ရသည့် တပ်မှူးများ။)