ပြင်သစ်အောက်လွှတ်တော်က မြန်မာ စစ်အုပ်စုကို အရေးယူရန် အစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် (အင်္ဂါနေ့) တွင် ပြင်သစ်အောက်လွှတ်တော် (National Assembly) သည် မြန်မာစစ်ခေါင်းဆောင်များကို အရေးယူနိုင်ရေးနှင့် ပတ်သက်၍ အရေးပါသော ဆုံးဖြတ်ချက်တစ်ရပ်ကို တညီတညွတ်တည်း အတည်ပြုခဲ့သည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော ပြင်သစ်နိုင်ငံ၏ ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချရုံသာမက အစိုးရ လုပ်ဆောင်ရန် တိုက်တွန်းချက်များကိုပါ ထည့်သွင်း သဘောတူခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) သို့ နည်းပညာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးရန် နှင့် စုဆောင်းရရှိထားသော အထောက်အထားများဖြင့် ကျူးလွန်သူများကို နိုင်ငံတကာခုံရုံးများ၌ အရေးယူနိုင်ရန် ရှေ့တန်းမှ ဦးဆောင်ပါဝင်ပေးရန်အစိုးရကို တိုက်တွန်းထားသည်။ 

ထိုမျှသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်၊ လောင်စာဆီနှင့် လက်နက်ဝယ်ယူမှုများကို ပိုမိုတင်းကျပ်စွာ ပိတ်ဆို့ရန်နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများ ပြည်သူများထံ တိုက်ရိုက်ရောက်ရှိစေရန်အတွက် အကူအညီပေး အကောင်အထည်ဖော်ရန် ပြင်သစ် အစိုးရ ကို တိုက်တွန်းထားသည်။