ပြင်သစ်အောက်လွှတ်တော်က ‘ခွင့်ပြုချက်ဖြင့် အသက်အဆုံးစီရင်ခွင့်ဥပဒေကြမ်း’ အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ကက်သလစ် ဘာသာဝင် အများစု နေထိုင်သည့် ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာ အခြေအတင် အငြင်းပွားခဲ့ရသည့် ကုသ၍မရတော့သော နာတာရှည်ရောဂါ ခံစားနေရသူများအား ဆန္ဒအလျောက် အသက်အဆုံးစီရင်ခွင့်ပြုမည့် ဥပဒေကြမ်းကို ပြင်သစ်အောက်လွှတ်တော် (National Assembly) က ဇူလိုင် ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။
အဆိုပါ မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၂၉၁ မဲ၊ ကန့်ကွက်မဲ ၂၄၁ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဥပဒေကြမ်းအရ နာမကျန်းဖြစ်နေသည့် အရွယ်ရောက်ပြီးသူများသည် ၎င်းတို့၏ ဆန္ဒအလျောက် သက်သောင့်သက်သာဖြင့် သေဆုံးစေမည့် ဆေးဝါးများကို ဆရာဝန်ထံမှ တောင်းခံခွင့် ရရှိမည်ဖြစ်သည်။
သို့သော်လည်း ဤဥပဒေကြမ်းသည် ချက်ချင်းအသက်ဝင်မည်မဟုတ်ဘဲ ပြင်သစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ ထပ်မံစစ်ဆေးရဦးမည်ဖြစ်သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်က ပြည်သူများကို ပေးခဲ့သည့် ကတိအတိုင်း ဤလမ်းပြမြေပုံကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကက်သလစ်ဘာသာဝင် အများစုရှိသည့် ပြင်သစ်နိုင်ငံတွင် အဆိုပါ အသက်အဆုံးစီရင်ပိုင်ခွင့် (Assisted-dying) ကိစ္စနှင့် ပတ်သက်၍ ဥပဒေကြောင်း၊ ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးရှုထောင့်များမှ ဆယ်စုနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။