စပိန်နှင့် ဗြိတိန်ပိုင် ဂျီဘရော်လ်တာအကြား နယ်စပ်စည်းရိုးများ ဖယ်ရှား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။ 

စပိန်နိုင်ငံနှင့် ဗြိတိန်ပိုင် ဂျီဘရော်လ်တာ (Gibraltar) နယ်မြေအကြား ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့သည့် နယ်စပ်ဂိတ်များနှင့် သံဆန်ခါစည်းရိုးများကို ဇူလိုင် ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် လုံးဝဖယ်ရှားလိုက်ပြီဖြစ်ရာ နှစ်နိုင်ငံ ပိုင်နက်အကြား နိုင်ငံကူးလက်မှတ်မပါဘဲ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်သည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sánchez) က ဤလုပ်ဆောင်ချက်သည် ‘ဒဏ်ရာဟောင်းတစ်ခုကို ကုသလိုက်နိုင်ခြင်း’ ဖြစ်ပြီး ‘ဥရောပတိုက်ကြီး၏ နောက်ဆုံးတံတိုင်း ပြိုကျသွားခြင်း’ ဖြစ်ကြောင်း မော်ကွန်းတင် ပြောကြားခဲ့သည်။ 

ဂျီဘရော်လ်တာသည် လူဦးရေ ၄ သောင်းခန့်သာ နေထိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအသေးလေးဖြစ်သော်လည်း ၎င်း၏ စီးပွားရေးမှာ စပိန်ဘက်မှ နေ့စဉ် လာရောက်လုပ်ကိုင်သည့် အလုပ်သမား ၁၅,၅၀၀ ကျော်အပေါ် မှီခိုနေရသည်။

သမိုင်းကြောင်းအရ ၁၉၆၉ ခုနှစ် စပိန်အာဏာရှင် ဖရန်စစ္စကို ဖရန်ကို လက်ထက်က ဤနယ်စပ်ကို ၁၃ နှစ်ကြာ ပိတ်ပစ်ခဲ့ဖူးသည်။ 

ယခု သဘောတူညီချက်ကြောင့် ဂျီဘရော်လ်တာရှိ ဘဏ္ဍာရေးနှင့် အွန်လိုင်းဂိမ်းလုပ်ငန်းများအတွက် ဝန်ထမ်းရှာဖွေရလွယ်ကူသွားမည်ဖြစ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်မားသည့် စပိန်နိုင်ငံဘက်မှ ပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း ပူးတွဲဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်သည်။