ရွာငံတွင် ဓနုပါတီ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦး သတ်ဖြတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု တိုင်းရင်း သားများ ဒီမိုကရေစီပါတီ (DNDP) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ အပါအဝင် အရပ်သား ၃ ဦး သတ်ဖြတ် ခံလိုက်ရ ကြောင်း ဒေသတွင်း နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဓနုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နှင့် ဝက်သားရောင်းဝယ် ရေးလုပ်ငန်း (ဒေသအခေါ် ဝက်ကုမ္ပဏီ) မှ အမျိုးသား ၂ ဦးတို့ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက နေအိမ် မှ ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဓနုပါတီနှင့် နီးစပ်သည့် မြင်းကျဒိုးကျေးရွာခံတစ်ဦးက ဓနုက လူနည်းရတဲ့အထဲ ရှိတဲ့လူကလည်း စစ်တပ်နဲ့ ပေါင်းစားလိုက်၊ ပွဲတွေတက်လိုက်နဲ့။ တော်လှန်ရေးဖက်ကလည်း အဲတာတွေ လက်မခံတာ ကြာပြီ။ အခု သတ် ခံရတာကလည်း ဒီလိုပဲလိုလို ပြောနေကြတယ်ဟု ပြောသည်။

သေဆုံးသူ ဦးစံတင့်သည် စစ်တပ်က အသုံးပြုရန်အတွက် မြင်းကျဒိုးကျေးရွာအပါအဝင် နီးစပ်ရာကျေးရွာများရှိ ဒေသခံ ပြည်သူများထံမှ မော်တော်ယာဉ်များကို ချောဆွဲပေးဖူးကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဝက်ကုမ္ပဏီမှ အမျိုးသား ၂ ဦးသည်လည်း စစ်တပ်အတွက် ရိက္ခာများ စီစဉ်ပေးခြင်းနှင့် စစ်မှုထမ်း ဥပဒေ အရ လူစုဆောင်းခေါ်ယူရေးလုပ်ငန်းများတွင် ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့ဖူးကြောင်း ရွာသားများက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုများကြောင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ် သတိပေးခဲ့ဖူးပြီး၊ လိုက်နာ ခြင်းမရှိသဖြင့် ယခုကဲ့သို့ ရှင်းလင်းခံရခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ပုဂ္ဂိုလ်ရေးအရ နီးစပ်သူတစ်ဦးက ပြောသည်။

ရွာမှာက ခဏခဏကို လျှောခံနေရတာ။ ရှေ့နှစ်တွေကလည်း အဲလိုရှိတယ်။ ကိုစံတင့်ကတော့ အရင်ကတည်း က စာရောက်ပါတယ်။ အနေအထိုင် မတတ်ဘူးပဲ ပြောရမလား။ သူက ဆက်လုပ်နေတာ ရှေ့လကလည်း စာ ရောက်တယ်။ ဒီကာလက နှစ်ဖက်လုံး ကြောက်နေရတယ် ဟု ၎င်းက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို သတင်းမီဒီယာများက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။

မြင်းကျဒိုးကျေးရွာသည် စစ်တပ်စစ်ကြောင်းများနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်စလုံး ဝင်ထွက် သွားလာလှုပ်ရှားနေသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

အဆိုပါကျေးရွာ၌ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့ဝင် ၂ ဦး လိုက်ပါလာ သည့် အိမ်စီးမော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ၎င်းတို့ ၂ ဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ဖူးသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ကလည်း ပြစ်မှုကျူးလွန်ထားသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းမှာ ချုပ်နှောင်ထားစဉ်အတွင်း ထွက်ပြေးရန် ကြိုးပမ်း သောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။