ရွာငံမြို့မရဲစခန်းမှ သက်ငယ်မုဒိန်းမှုတရားခံ လက်ထိပ်ခတ်လျက် ထွက်ပြေးလွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့မရဲစခန်းတွင် သက်ငယ်မုဒိန်းမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တရားခံတစ်ဦး သည် ရဲတပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့် လက်ထိပ်ခတ်လျက်အတိုင်း စခန်းအတွင်းမှ ထွက်ပြေး လွတ်မြောက် သွားသဖြင့် ၎င်းအား ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံရှာဖွေနေရဆဲဖြစ်ကြောင်း နစ်နာသူမိသားစုနှင့် အမှုလိုက်ပါဆောင်ရွက်ပေးနေသူများက ပြောသည်။

ဖြစ်စဉ်မှာ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၇ ရက်နေ့က အသက် ၁၄ နှစ်အရွယ် အမျိုး သမီးငယ် တစ်ဦးအား တစ်ရွာတည်းသားဖြစ်သူ အသက် ၄၀ အရွယ် မောင်တူးဆိုသူက ရိုက်နှက် အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါကျူးလွန်သူကို မေလ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော်လည်း စခန်း၌ စစ်ချက်ယူနေစဉ် အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

နစ်နာသူနှင့် နီးစပ်သူတစ်ဦးက ရဲတွေစစ်ပြီးတော့ ဆရာမတွေ စစ်ခါနီးအချိန် ပြေးသွားတာ။ သူတို့ တစ်ညလုံး ဝိုင်းရှာကြတာပဲ။ တွေ့မှမတွေ့တာ။ မိသားစုဝင်ဖက်ကတော့ ရဲကိုပဲ အပစ်တင်နေကြတယ်။ ရဲကလည်း တော်တော်ပေါ့ဆတာ။ ဂိတ်တွေပိတ်ခိုင်းထားတယ်လို့ ပြောတယ် ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသူ မောင်တူးကို ရွာငံမြို့မရဲစခန်းတွင် (ပ)၆၇/ ၂၀၂၆၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၂၃ (နာကျင်အောင်ပြုလုပ်မှု) ၊ ပုဒ်မ ၃၇၆ (မုဒိန်းမှု) တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသူများက အတည်ပြုသည်။

တစ်ဖက်တွင်လည်း အသက်မပြည့်သေးဘဲ အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်မှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများ သက်သာလာသော်လည်း ပတ်ဝန်းကျင်၏ ရှုံ့ချမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိနေပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားခြင်း (Counseling) ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ အရေးပေါ်လိုအပ်နေကြောင်း ဆိုသည်။

အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက နစ်နာသူ၏ လက်ရှိအခြေအနေကို ယခုကဲ့သို့ ရှင်းပြသည်။

အရိုက်ခံရတဲ့ ဒဏ်ရာပြောရမလား အညိုအမဲစွဲတာတွေတော့ ပျောက်သွားပြီ။ စိတ်ကတော့ လုံးဝမရသေး ဘူး။ တော်တော်အချိန်ယူရဦးမှာ။ လောလောဆယ်တော့ မီဒီယာတွေ မဖြေနိုင်လောက်သေးဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်အတွင်း ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLA)၊ ဓနု ပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်ဦး (DSNA) ကဲ့သို့သော တော်လှန်ရေးအဖွဲ့များသာမက စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)၊ ပျူစောထီအဖွဲ့များအပြင် RCSS နှင့် SSPP တို့ပါ ရံဖန်ရံခါ လှုပ်ရှားသွားလာလျက်ရှိသည်။

အဆိုပါ နယ်မြေမတည်ငြိမ်မှုနှင့် ရှုပ်ထွေးသည့် စစ်ရေးအခင်းအကျင်းကို အခွင့်ကောင်းယူကာ အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများနှင့် ပြန်ပေးဆွဲမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် ရွာငံဒေသတွင် ယခုကဲ့သို့ အဆိုးရွားဆုံး လူမှုရေးရာရာဇဝတ်မှု ကျူးလွန်သူပါ စနစ်တကျ ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားခြင်း အပေါ် ဒေသခံများအကြား တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုစိုးရိမ်ပူပန်နေကြသည်။