ရှမ်းတောင် ရွာငံတွင် စစ်မှုထမ်းကြေး ကောက်ခံမှုကို တိုင်သော်လည်း အရေးမယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခု ဇွန်လပိုင်းအထိ တစ်နှစ်ကျော်ကြာ စစ်မှုထမ်း ကြေးများ ဆက်တိုက်ကောက်ခံနေရသဖြင့် လစဉ်အသုံးစရိတ် ကြပ်တည်းနေကြောင်း ဒေသခံများက ပြော သည်။
ရွာငံမြို့နယ် ကျောက်ကူပြင်ကျေးရွာအုပ်စုတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်းမှစ၍ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခု အထိ အိမ်ထောင်စုတစ်စုလျှင် နှစ်လတစ်ကြိမ် လျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထည့်ဝင်နေရခြင်း ဖြစ်သည်။
စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သည့် ဒေသခံ တစ်ဦးက “အရမ်းကြီးများတာတော့ မဟုတ်ပေမယ့် လဝက် စာ လုပ်အားခ ရှိတာပေါ့။ ဒီမှာ ကြိုက်တဲ့နေရာ အလုပ်ဝင် နေ့စားခက တစ်ရက် တစ်သောင်းအပြင် ပိုမရဘူး။ သာရေးနာရေး၊ ကျန်းမာရေးအတွက် ဖယ်ပေးနေရတာ။ တခုခုဆို ကျန်းမာရေး ဘာမှမဖြစ်ရဲဘူး” ဟု ပြော သည်။
ရွာငံမြို့နယ်တွင် ရာသီပေါ် သီးနှံများ စိုက်ပျိုးရောင်းချခြင်းနှင့် အဆိုပါ အလုပ်များကို နေ့စားလိုက်ရသည့် အလုပ်ကြမ်းများသာရှိပြီး တစ်သိန်းခွဲဆိုသည့် ပမာဏမှာ ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ဆိုသည်။
ကျောက်ကူပြင် ကျေးရွာအုပ်စုတွင်း၌ ရွာပေါင်း ၆ ရွာ ပါဝင်ပြီး ဒေသခံများက စစ်တပ်သို့ တိုက်ရိုက် ပေးဆောင် ရခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများက ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့ဖြစ်ရာ ဒေသခံများမှ တစ်နှစ်ပြည့်သည့် ဇန်နဝါရီလပိုင်းခန့်တွင် ဗဟိုပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ယူရေးအဖွဲ့ နေပြည်တော်သို့ ဖုန်းဆက်တိုင်ကြားထားသော်လည်း အရေးယူမှု မရှိသေးဟု ဆင်နက်ချောင်ကျေးရွာ၌ နေထိုင် သည့် အမျိုးသား တစ်ဦးက ပြောသည်။
“ဖုန်းဆက်တာက မဝင်တာ ခပ်များများ။ တစ်လပိုင်းတုန်းက ဆက်လို့ရလိုက်သေးတယ်။ အဲတုန်းကလည်း ကျေးရွာတွေ အုပ်ကြီးတွေ ဘယ်သူဘယ်ဝါအကုန်မေးပြီး ဘာမှလည်း ဆက်မဖြစ်လာပါဘူး။ နောက်တော့ လည်း တိုင်လို့မရတော့ မတိုင်ကြတော့ဘူး။ ထည့်ရတာကလည်း အုပ်ကြီးနားဆိုတော့ စိတ်မသန့်ဘူး။ အိမ် ထောင်စု အရေအတွက် ဘာညာက သူ့လက်ထဲပဲ ရှိတာလေ။”
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီးနောက် မတ်လအတွင်း ရွာငံမြို့နယ်၌ စစ်မှုထမ်း မဲနှိုက်ခေါ်ယူခဲ့ရာ ၅ ဦး ပါဝင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ၅ ဦးအနက် ၃ ဦးသာ ၂ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ ပြန်လာနိုင်ခဲ့ပြီး ကျန် ၂ ဦးမှာ စစ်မြေပြင်၌ သေဆုံးခဲ့ရသည်ဟု ဒေသတွင်း နီးစပ်သူများက ပြောသည်။
ရွာငံမြို့နယ်အတွင်း ကျောက်မြောင်း၊ သိမ်ကုန်း၊ လင်းဝေး၊ ကျောက်ကူပြင် စသည့် ကျေးရွာများမှာ စစ်မှုထမ်း ဆင့်ခေါ်ခံရသူဦးရေ အများဆုံး ဖြစ်သည့်အပြင် ယနေ့အထိ စစ်မှုထမ်းကြေး ပေးဆောင်နေရဆဲဖြစ်ပြီး ကျေးရွာအနေအထားပေါ်မူတည်၍ ငွေကြေးပမာဏ ကွာခြားမှု ရှိသည်ဟု ဒေသခံများက ဆိုထားသည်။