လောင်းလုံးမြို့တိုက်ပွဲတွင် အရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်ပြီး နေအိမ်များ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၄ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၅၀ ခန့်အရွယ် အမျိုးသားတို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၂ နာရီခန့်အကြာ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ လူနေအိမ်နှစ်ဆောင်နှင့် (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တို့ကိုလည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့သည်။

အသက် ၅၀ ခန့်အရွယ် လောင်းလုံးမြို့ခံတစ်ဦးက “ထိန်သစ် အထဲက ကလေးတစ်ယောက်နဲ့ မြို့မစျေး လမ်းကြားက အမျိုးသားတစ်ယောက်တို့ လက်နက်ကြီးကျည်စ ထိမှန်သွားကြတယ်။ နှစ်ဦးစလုံး ဆေးရုံမှာ ဆေးကုသနေကြရတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ လောင်းလုံးမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကတည်းက အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဘက်စစ်ရေး တင်းမာ လျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကဒက်ကြီးကျေးရွာ၌ တပ်စွဲထားရာမှ ပြန်ဆုတ်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ 

ထိုသို့ လောင်းလုံးမြို့သို့ ပြန်ဆုတ်လာသည့် စစ်ကြောင်းသည် လမ်းခရီးတွင် ကလေးငယ်လေးဦးအပါအဝင် ရွာသားအချို့ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်ဟု မြို့ခံအချို့က ဆိုသည်။

လောင်းလုံးမြို့ပေါ်နှင့် ကျေးရွာများအတွင်း လက်နက်ကြီးများ တရစပ်ကျရောက် ပေါက်ကွဲနေခြင်းနှင့် စစ်တပ် ၏ ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရပြီး မြေပြင်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။