လောင်းလုံးက အသက် ၆၀ ကျော် အလုပ်သမားတစ်ဦး ပျောက်ဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

လောင်းလုံးမြို့က ကျပန်း အလုပ်သမား တစ်ဦး ၅ ရက်ကြာ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

တနင်္လာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဆိုင်ကယ်ဖြင့် အလုပ်သွားသည့် ကျပန်း လုပ်သားတစ်ဦး အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့ (က) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၃ နှစ်အရွယ် ဦးကျော်သိန်း ဆိုသူ ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် (က) ရပ်ကွက်သား တစ်ဦးက ဆိုင်ကယ်နဲ့ ထွက်သွားတာ ဘယ်သွားမယ် ဆိုတာလည်း မပြောခဲ့ဘူး၊ သူဆီပါသွားတဲ့ ဖုန်းကိုဆက်တော့လည်း စက်ပိတ်ထားတယ်လို့ပဲ ပြန်ပြောနေတယ်၊ ထွက်သွားပြီး တဲ့ ညနေပိုင်း ကတည်းက အခုချိန်အထိ အဆက် အသွယ် လုံးဝမရပါဘူး ဟု ပြောသည်။ 

နေအိမ်မှ Wave 100 အမျိုးအစား ဆိုင်ကယ်ဖြင့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ထွက်သွားခဲ့ရာ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းအချိန်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း မရှိသေးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ဦးကျော်သိန်းသည် ကြုံရာကျပန်း အလုပ်ဖြင့် ဇနီးနှင့် မြေးဖြစ်သူတို့ကို လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ဦးကျော်သိန်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းကြောင့် ဇနီးနှင့် မြေးဖြစ်သူမှာ စိုးရိမ်နေကြသည်။

ဇွန်လ ၉ ရက်နေ့မှ စတင်၍ ဦးကျော်သိန်း ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ဆွေမျိုးတော်စပ်သူများက ဓာတ်ပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို လူမှုကွန်ရက် စာမျက်နှာပေါ် တွင် တင်ပြ၍ အကူအညီများ တောင်းခံထားကြသည်။