MSF ဆေးခန်းမှ ဆရာဝန်များကို စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

ဆရာဝန်များ ဖမ်းဆီးခံထားရသဖြင့် ထားဝယ်မြို့က MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားသော မေတ္တာရိပ် ဆေးခန်းဆက်လက် ဖွင့်လှစ်ရန် အခက်အခဲတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အုန်းတောလမ်းဆုံအနီးရှိ Medecins Sans Frontieres (MSF) နယ်စည်းမထား ဆရာဝန်များရုံးမှ တာဝန်ရှိသူ အဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရုံးအနီး နေထိုင်ကြသူများက ပြောသည်။

MSF ရုံးအဖွဲ့သားတစ်ဦးက ရုံးပိုင်းမှာ တာဝန်ရှိတဲ့သူတွေ အကုန်လုံးက အဖမ်းခံနေရတယ်။ တချို့က ကြောက် လန့်ပြီး တိမ်းရှောင်နေကြရ တာကြောင့် ရုံးအလုပ်တွေနဲ့ ဆေးဝါး ဖြန့်ဖြူးပေးတာတွေ ရပ်ထားရတယ်။ လက်ရှိ ရုံးမှာ ကျန်နေတဲ့ဆေးတွေ ကုန်ရင်တော့ မေတ္တာရိပ် ဆေးခန်းကိုပိတ်ရမယ့်ပုံစံဖြစ်နေတာပေါ့ ဟု ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ MSF (ထားဝယ်) စတိုခန်း တာဝန်ရှိသူကို ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လဆန်းပိုင်းတွင် တာဝန်ခံ ဆရာဝန်နှင့် ဒု-တာဝန်ခံတို့ကို ထပ်မံ၍ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

နယ်စည်းမထား ဆရာဝန်များရုံးမှ တာဝန်ခံ ဆရာဝန်၊ ဒု-တာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ ၃ ဦး ကို ဖမ်းဆီးထားသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရန် ရှိနေသည်ဟု နီးစပ်သူများက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ရရှိသည့် သတင်းအချက်အလက်ရ လက်ရှိတွင် ဒု-တာဝန်ခံကို ပြန်လွှတ်ပေးထားသော် လည်း စရဖရုံးသို့ နေ့စဥ်လိုလို ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု MSF ရုံးအဖွဲ့သားတစ်ဦးက ဆိုသည်။

MSF မှ ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းတွင် အထွေထွေလူနာ တစ်ရာကျော်ကို နေ့စဉ် ဆေးကုသပေးနေ သည့် အပြင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို စသည့် နာတာရှည် လူနာများကိုလည်း ပုံမှန် ဆေးကုသပေးလျက် ရှိသည်။

မေတ္တာရိပ် ဆေးခန်းကို ရပ်နားလိုက်ရပါက အထွေထွေရောဂါ လာပြသည့် လူနာများနှင့် နာတာရှည် လူနာများ အတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု လာရောက်ကုသနေသူ လူနာတစ်ဦးက ဆိုသည်။

မေတ္တာရိပ် ဆေးခန်းတွင် HIV ပိုး ပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေးများကို ယခင်က ထောက်ပံ့ပေး နေရာမှ လက်ရှိတွင် အထွေထွေရောဂါများကိုလည်း ကုသပေးနေခြင်း ဖြစ်သည်။