လောင်းလုံးတွင် ခရီးသွားထောက်ခံစာ လုပ်သူ များပြားလာ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။

လောင်းလုံး မြို့မရဲစခန်းတွင် ၄ ရက် ဆက်တိုက် ခရီးသွားထောက်ခံစာ လာလုပ်သူများ ပြည့်ကြပ်နေကြောင်း ရဲစခန်းဝင်းအတွင်း နေထိုင်သူများက ပြောသည်။ 

လောင်းလုံးမြို့မှ ထားဝယ်မြို့ပေါ်သို့ အသွား ကမြောကင်း တံတားဂိတ်မှ ဖြတ်သန်းလျှင် ထောက်ခံစာ ပါမှသာ ဖြတ်သန်းနေသည့် အတွက် လောင်းလုံး ရဲစခန်းတွင် ထောက်ခံစာ လုပ်သူများ ဇူလိုင်လ ၈ ရက်နေ့မှ စတင်ပြီး လေးရက် ဆက်တိုက် ပြည့်ကြပ်နေခြင်း ဖြစ်သည်။

ရဲစခန်းတွင် ခရီးသွား ထောက်ခံစာ လာလုပ်သူများကို တစ်ကိုယ်လုံး စစ်ဆေးပြီး CDM ဝန်ထမ်း ဟုတ် မဟုတ်ကိုပါ စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အချို့က ပြောသည်။ 

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “CDM လုပ်ထားတဲ့သူ ဆိုရင်တော့ သွားမလုပ်တာက အကောင်း ဆုံးပဲ၊ မှတ်ပုံတင်ထဲမှာ ဝန်ထမ်းဆိုပြီးပါခဲ့ရင် စစ်ဆေးခံ ထိပြီလေ၊ ပြီးတော့ ထောက်ခံစာလုပ်သူတွေကိုလဲ ခြေ လက် မျက်နှာကအစ အကုန်လုံးစစ် ဆေးနေတာ ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း လောင်းလုံးမြို့နယ်၏ တောင်ဘက်ခြမ်းရှိ ကျေးရွာများသည် သပိတ် လှုပ်ရှားမှုများ၊ CDM လှုပ်ရှားမှုများနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အင်အားအကောင်းဆုံး ဒေသတစ်ခုလည်း ဖြစ်နေခဲ့သည်။

လောင်းလုံး ရဲစခန်းတွင် ထောက်ခံစာ ပြုလုပ်ရန်အတွက် မှတ်ပုံတင် မိတ္တူတစ်စောင်၊ သန်းခေါင်စာရင်း မိတ္တူ တစ်စောင်နှင့် ပတ်စ်ပို့အရွယ် ဓာတ်ပုံနှစ်ပုံကို ပေးရပြီး ထောက်ခံစာ၏ သက်တမ်းမှာ ခြောက်လရှိသည်ဟု ဆိုသည်။ 

စစ်အာဏာသိမ်းခဲ့သည့် အစောပိုင်း ကာလများတွင်လည်း ခရီးသွားလာပါက ရပ်ကျေး အုပ်ချုပ်ရေးမှူး ထောက် ခံစာ ပါရမည်ဟု တင်းကြပ်ခဲ့ဖူးသည်။ 

လက်ရှိတွင် ကမြောကင်း တံတား ဖြတ်သန်းသူ အားလုံးကို အချိန်ပြည့် စစ်ဆေးနေခြင်းမျိုး မဟုတ်ဘဲ ခရီးသည် တင်ကားဖြင့် သွားလာကြသူများနှင့် လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းမှ လာရောက်ကြသူများကို အဓိကထား စစ်ဆေးနေကြောင်း ခရီးသွားများက ဆိုသည်။ 

ထားဝယ်မြို့ အဝင်ရှိ အခြား စစ်ဆေးရေးဂိတ်များတွင်မူ ထောက်ခံစာ မလိုအပ်ဘဲ သွားလာခွင့် ရနေသေး ကြောင်း ခရီးသွားများက ပြောသည်။