အမှတ် – ၅၅၈ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ခြေလျင်ထွက်လာသည့် စစ်ကောင် စီ စစ်ကြောင်းကို မြေပြင်မှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဝေဟင်မှ ဒရုန်းဖြင့်ပါ ထပ်မံတိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ အမှတ် – ၅၅၆ ခြေမြန်တပ်ရင်းမှ ထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က ရမ်းဖိုကျေးရွာ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ၆ ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရမ်းဖိုရွာရှိ လူမနေသည့် အိမ်များ အတွင်းသို့ ဝင်ပြေးသွားကြသော စစ်ကောင်စီ တပ်သားများကို ဝေဟင်မှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချပြီး ထပ်မံ တိုက်ခိုက်ခဲ့သေးသည်ဟု ဗိုလ်ခရင်း တပ်ဖွဲ့၏ တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ရမ်းဖို ဘုန်းကြီးကျောင်း အနားမှာ သူတို့ လမ်းကင်းယူဖို့ လုပ်နေတုန်း မိုင်းဆွဲလိုက်တာပါ။ လူနေ အိမ်တွေထဲ ဝင်ပြေးကြတယ်။ အဲဒီဝင်ပြေးတဲ့ အိမ်တွေကို သူတို့ ထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်။”
စစ်ကောင်စီတပ်ဖွဲ့က ရမ်းဖိုကျေးရွာတွင် အင်အား ၁၀၀ နီးပါးခန့် ဖြည့်တင်းထားပြီး လမ်းကင်းယူထားသည်မှာ တစ်လကျော်ကြာလာပြီ ဖြစ်သည်။
ထို့ကြောင့် ရမ်းဖိုကျေးရွာက ရွာသားများလည်း အိုးပစ်အိမ်ပစ် တိမ်းရှောင်နေသည်မှာ တစ်လကျော်ရှိပြီ ဖြစ် သည်။
မိုင်းဆွဲ တိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကို မြိတ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီ – ပကဖ ဇုန် ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု မြိတ် – ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။
ရမ်းဖိုကျေးရွာသည် မြိတ် – တနင်္သာရီ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး တနင်္သာရီမြို့နှင့် ၁၂ မိုင်ခန့် သာ ကွာဝေးသည်။