ချင်း-စစ်ကိုင်း အစပ်တွင် တိုက်ပွဲများ ပြင်းထန်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

ချင်း-စစ်ကိုင်း နယ်စပ်တိုက်ပွဲများ အရှိန်မြင့်၊ လေကြောင်းတိုက်ခိုက်မှုများ ကြားမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့သည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်သည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်း-မကွေးဒေသ နယ်နိမိတ်တစ်လျှောက်တွင် နိုဝင်ဘာလ တတိယပတ်အတွင်း တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် ထပ်မံသေဆုံးခဲ့သည်ဟု ချင်းပြည်ကောင်စီ (Council of Chinland) ကာကွယ်ရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ်များအပြင် Y-12 လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ကြံ့ကြံ့ခံခုခံကာကွယ်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက လက်ရှိမှာ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲဖြစ်ပေမယ့် လေယာဉ် အဆမတန် သုံးနေတာကို ခုခံကာကွယ် တိုက်ခိုက်နေပါတယ် ဟု ပြောသည်။

တိုက်ပွဲများသည် ကလေး-ဂန့်ဂေါလမ်းပိုင်းအပြင် ဖလမ်းနှင့် တီးတိန်မြို့နယ်အတွင်း၌ပါ အပြင်းအထန်ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။ 

ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်များအား အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာတွင် လေကြောင်းအင်အားကို အဆမတန် အသုံးပြုခဲ့သည်။ 

အထူးသဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပင် ဗုံးအလုံးရေ ၁၅၀ ကျော်အထိ ကြဲချခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် စစ်ကော်မရှင်တပ်သည် မြေပြင်စစ်ဆင်ရေးများတွင် ဒရုန်းများကိုလည်း အဆမတန် အသုံးပြုနေသည် ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ထိုသို့သော ပြင်းထန်သည့် လေကြောင်းအန္တရာယ်ကြားမှ ချင်းလဲန်အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) နှင့် (၂) တို့သည် ကျောင်းသားတပ်မတော် (ABSDF) ၊ ကန်ပက်လက်တော်လှန်ရေးတပ် (KRF)၊ ယောကာကွယ် ရေးတပ် (YDF) အပါအဝင် မဟာမိတ်အဖွဲ့ကြီးများစွာဖြင့် လက်တွဲကာ စစ်ကော်မရှင်တပ်ကို ထိုးဖောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အယောက် ၅၀ ခန့် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်တပ်က Mi-17 ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားရသည်ဟု ဆိုသည်။ 

တော်လှန်ရေးတပ်များဘက်ကလည်း စစ်သုံ့ပန်းအချို့အပြင် လက်နက်ခဲယမ်းများကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ကျနော်တို့ဘက်က အခုလို ကြီးမားတဲ့ ထိုးစစ်ကို အောင်မြင်စွာ တန်ပြန် နိုင်ခဲ့တာဟာ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အားကြောင့်ပါပဲ ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဖြစ်သည့် ကလေး-ဂန့်ဂေါလမ်းပိုင်းသည် ယခင်ကတည်းက စစ်ရေးအရ အရေးပါသော လမ်းကြောင်းဖြစ်ပြီး ချင်းပြည်နှင့် မကွေး၊ စစ်ကိုင်းဒေသတို့အတွက် ထောက်ပို့လမ်းကြောင်း လည်း ဖြစ်သည်။ 

စစ်ကော်မရှင်တပ်သည် မြေပြင်တွင် အသာစီးမရသည့် အခါတိုင်း လေကြောင်းအင်အားကို အပြင်းအထန် အသုံးပြုလေ့ရှိပြီး၊ ယခုတိုက်ပွဲများတွင်လည်း အင်အားကြီး လေကြောင်းတိုက်ခိုက်မှုကြားမှ တော်လှန်ရေး အင်အားစုများက ကြံ့ကြံ့ခံနေရဆဲ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။ 

တိုက်ပွဲအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။