ချင်းပြည်နယ် မြို့အချို့ကို ပြန်ရသော်လည်း စစ်အုပ်စု စိုးမိုးနိုင်ခြင်းမရှိဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး သက် ရောက်မှုသည် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိဘဲ ချင်းတော်လှန်ရေး အဖွဲ့အစည်းများကသာ နေရာ အတော်များများကို ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ချင်းပြည် ချင်းလဲန်းကောင်စီက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်သည့် “ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးပြီး နှစ်နှစ်ခွဲကာလ အတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ” သတင်းရှင်းလင်းပွဲတွင် ချင်းပြည် ချင်းလဲန်းကောင်စီ တာဝန်ရှိ သူများက ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ချင်းပြည် ချင်းလဲန်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က “အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ ဩဇာသက်ရောက်မှုက နတ္တိလုံးဝကို မရှိဘူး။ ရုံးသွားရုံးလာ ရုံးစာ တစ်ခုမှ မရှိဘူး။ ပြောချင်တာက သူတို့ ဩဇာ အာဏာသက်ရောက်မှု မရှိဘူး။ ဆိုတော့ ဒီနေ့လည်း ဥပမာ တွန်းဇံ ဖလမ်းမြို့ကိုသာ ယူတာ။ နယ်မှာ သူတို့ ဩဇာ သက်ရောက်မှုက တစ်ခုမှ မရှိဘူး။ အဲဒီ မြို့တောင်မှ ပြည့်ပြည့် စုံစုံထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ ဘာလဲဆိုတော့ အခုက သူတို့ ဟိုင်းဝေး ဥပမာ ကလေးကနေ ဟားခါး ကလေးကနေ တီးတိန် အဲ့ဒါတွေကို သူတို့က ထိန်းချုပ်နိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒါ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်တာ မဟုတ်ဘူး” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုက ကလေး-ဟားခါး လမ်းပိုင်းနှင့် ကလေး-တီးတိန် လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောဆို ထားသော်လည်း ယခင်က မရှိဖူးသည့် စစ်စခန်းပေါင်း ၃၀ ကျော် တည်ဆောက်ပြီးမှ ထိန်းချုပ်ထားခြင်း ဖြစ်သည့်အတွက် အပြည့်အဝ စိုးမိုးနိုင်ခြင်း မဟုတ်ကြောင်းလည်း ဒေါက်တာရွှေခါးရ်က ထောက်ပြသည်။
စစ်အုပ်စုသည် ချင်းပြည်အတွင်း လက်လွှတ်ခဲ့ရသည့် ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်မြို့ရှိ နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်ထားနိုင်သော်လည်း ထိန်းချုပ်နိုင်မှုနှင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်မှုမှာ အကန့် အသတ်ဖြင့်သာ ရှိနေဆဲဖြစ်သည်။
ချင်းပြည် ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းကဲပ်ချင်းထန်းက “ဘယ်လောက်အထိ သူတို့ရဲ့ အုပ်ချုပ် ရေး အာဏာသက်ရောက်မှု ရှိတယ်ဆိုတာက တကယ့်မြေပြင်မှာက အဲဒါကသူတို့လုပ်တဲ့ ရွေးကောက်ပွဲကပဲ သက်သေပြနေတယ်။ ဆိုတော့ အဲဒီမြို့ပေါ်တွေကိုလည်း သူတို့က Fully Control ဆိုတာ မဟုတ်သေးဘူး။ ကျနော် ဘယ်အချိန်ပဲ ဖြစ်ဖြစ် စစ်ရေးအရရော တခြားအရေရော ကျနော်တို့ ခြိမ်းခြောက် နိုင်တဲ့ အနေအထား ရှိတဲ့အခါကျတော့ အဲဒီ မြို့ပေါ်တွေကိုလည်း နှစ်ဖွဲ့က ပြိုင်ပြီးတော့ ထိန်းချုပ်ဖို့ ဩဇာ သက်ရောက်ဖို့ ကျနော် တို့ ကြိုးစားနေတဲ့ဟာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ဩဇာသက်ရောက်ဖို့ ဆိုတာက စစ်ရေးလည်းဖြစ်နိုင် တယ်။ အုပ်ချုပ်ရေးအရလည်း ဖြစ်နိုင်တယ်။ အဲလိုမျိုး ပေါ့” ဟု ပြောသည်။
ချင်းပြည်အတွင်း စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်သည့် ဧရိယာမှာ မြို့ပေါ်အချို့သာ ကျန်ရှိပြီး နယ်မြေအများစုနှင့် ကျေးရွာများတွင် ချင်းတော်လှန်ရေး အဖွဲ့အစည်းများက ဦးဆောင်၍ အုပ်ချုပ်ရေး ယန္တရား များကို လည်ပတ် ဆောင်ရွက်လျက်ရှိသည်။
ဒေါက်တာ ရွှေခါးရ်က “ချင်းလဲန်း ချင်းပြည်မှာလည်း ဒီမြို့တွေ တချို့မြို့တွေကတော့ ဒီနေပြည်တော်ကနေ သူရဲ့ ဩဇာသက်ရောက်မှု ဩဇာအာဏာ သက်ရောက်မှု ရှိပေမဲ့ တော်တော်များများ မြို့အပါအဝင် ကျေးရွာ အကုန်လုံးမှာတော့ နေပြည်တော်ရဲ့ ဩဇာ သက်ရောက်မှုဟာ လုံးဝ မရှိပါဘူး။ အဲဒီမှာကို ကျနော်တို့ ချင်းလဲန်း ချင်းပြည် ချင်းလဲန်း ကောင်စီကနေ ဦးဆောင်ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေး အကောင်အထည်ဖော် ဆောင် ရွက်နေတာ ရှိပါတယ်” ဟု ဆက် ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်အတွင်းရှိ နယ်စပ်ဒေသများနှင့် မြို့အများအပြားကို ချင်းတော်လှန်ရေး အဖွဲ့အစည်းများက သိမ်းပိုက်ကာ ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုကလည်း အရေးပါသည့် စစ်ရေးဗျူဟာ နယ်မြေများကို ပြန်လည်ရရှိရန် ပြင်းထန်သော ထိုးစစ်များ ဆက်တိုက် ပြုလုပ်ခဲ့သော်လည်း နယ်မြေအများစုမှာ တော်လှန်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်၌ ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ဓာတ်ပုံ – (ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd – ပုံဟောင်း)