ထန်တလန်မြို့တွင်း စစ်တပ်နှင့် ချင်းပူးပေါင်းတပ်များ အနီးကပ် ထိပ်တိုက်ရင်ဆိုင်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။
ချင်းပြည်၊ ထန်တလန်မြို့တွင်း၌ စစ်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား မီတာ ၅၀ ခန့်သာ ကွာဝေးသည့် အနေအထားဖြင့် ထိပ်တိုက်ရင်ဆိုင်ထားပြီး အချိန်မရွေး တိုက်ပွဲကြီးများ ထပ်မံဖြစ်ပွားလာနိုင် ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူများက သတိပေး လိုက်သည်။
စစ်တပ်က ရက်ပေါင်း ၁၀၀ စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ထန်တလန်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာခြင်း ကြောင့် မြို့တွင်းတိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဟားခါးဘက်မှ အင်အား ဖြည့်တင်းလာသည့် စစ်တပ် စစ်ကြောင်းသည် အင်အား ၄၀၀ ခန့်ဖြင့် မြို့တွင်း၌ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
နယ်မြေစိုးမိုးမှု အခြေအနေများနှင့် ပတ်သက်၍ မြို့လယ်ရှိ ရဲစခန်းနှင့် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးအပေါ်ပိုင်းကို စစ်တပ်က ထိန်းချုပ်ထားပြီး၊ မြို့အောက်ပိုင်းကိုမူ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲ မြေပြင်အခြေအနေနှင့် ပတ်သက်၍ CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“စစ်တပ်က အသေခံဒရုန်းတွေပါသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာ။ ဒါပေမဲ့ ကျနော်တို့ ချင်းပူးပေါင်း တပ်ဖွဲ့တွေဘက်က အကောင်းဆုံး ပြန်လည်ခုခံနိုင်ခဲ့လို့ စစ်တပ်ဘက်က အနည်းဆုံး ၅ ယောက် သေဆုံးပြီး နောက် ဆုတ်သွားခဲ့ရတယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း များပါတယ်။”
လက်ရှိတွင် ထန်တလန်မြို့တွင်း၌ ကျန်ရှိနေသည့် ဒေသခံများနှင့် စစ်ရေးလေ့လာသူများ၏ ပြောပြချက်အရ မြို့တွင်း၌ နှစ်ဖက်တပ်များ အနီးကပ် ထိပ်တိုက်ရင်ဆိုင်ထားရသဖြင့် သွားလာလှုပ်ရှားရမှုများ လုံးဝမရှိတော့ဘဲ စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေကာ စစ်တပ်ဘက်က လေကြောင်းပစ်ကူနှင့် မြေပြင်ထိုးစစ်များ ပိုမို တိုးမြှင့်လာနိုင်ကြောင်း သုံးသပ်နေကြသည်။
ထန်တလန်မြို့သည် ချင်းပြည်နှင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် တို့ အကြား ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် ရှိခြင်း၊ ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး-ထန်တလန်လမ်းကြောင်းကို စိုးမိုးထားနိုင်ခြင်း၊ နှင့် ချင်းအမျိုးသား တပ်ဦး (CNF) ဌာနချုပ် ဝိတိုရိယ စခန်းနှင့် အနီးဆုံးမြို့ဖြစ်ခြင်း တို့ကြောင့် မဟာဗျူဟာ အရ အရေးပါသည်။
လက်ရှိတွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်ကို မြို့ပြင်သို့ ထွက်ခွာ နိုင်ခြင်းမရှိစေရန် ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပြီး၊ တိုက်ပွဲများ ယခုထက် ပိုမိုပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်။