မင်းတပ်တွင် စစ်ကောင်စီ အင်အားဖြည့်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားသည့် တပ်ရင်းထဲသို့ အင်အား ဖြည့်တင်းမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု Chinland Defence Force CDF – Mindat ပြောခွင့်ရသူက ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း CDF မင်းတပ် အနေနဲ့ လက်ရှိ နယ်မြေစိုးမိုးမှုရထားသည့် နေရာများအပြင် မင်းတပ် တစ်မြို့ လုံးထဲတွင် စစ်ကောင်စီ ကင်းစင်ရေးကို ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း လောလောဆယ် တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသေးဟု CDF Mindat ပြောခွင့်ရသူ ဆလိုင်းဟာအွမ်က ပြောသည်။
စစ်ကောင်စီဘက်က လှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်၍ ဆလိုင်းဟာအွမ်က ယခုကဲ့သို့ ပြောသည်။
“စစ်ကောင်စီရဲ့ လှုပ်ရှားမှုကတော့ သူတို့က အခုပေါ့နော် လိုအပ်တဲ့ သူတို့ဟာသူတို့ ဒီတပ်တွင်းထဲမှာပဲ ဘန်ကာ တွေလုပ်ပြီးမှ နေကြတယ်။ အဲ့ဒီ လက်နက်ခဲယမ်းတွေ ထပ်ဖြည့်တယ်။ ဒီလောက်ပဲ သူတို့ ဘက်ကတော့ မြို့ တွင်းကနေတော့ သူတို့ရဲ့ အထိုင်စခန်းတွေကနေ လုံးဝလှုပ်ရှားမှုမျိုးတော့ မရှိပါဘူး။ ဟိုဒီလို ရင်ဆိုင်တိုက်ပွဲမျိုး တွေ ထိတွေ့မှုမျိုး မရှိပါဘူး။”
လက်ရှိ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီ၏ ခလရ ၂၄၇ တပ်ရင်း တစ်ရင်းသာ ကျန်ရှိသော်လည်း ထို တပ်ရင်း ကို သာမန်အင်အားထက် ပို၍ ဖြည့်တင်းနေပြီး အနည်းဆုံး အင်အား ၅၀၀ ကျော်ဝန်းကျင် ရှိနိုင်သည် ဟု ဆလိုင်းဟာအွမ်က ခန့်မှန်းပြောဆိုသည်။
စစ်ကောင်စီတပ်က လူအင်အားနှင့် ခဲယမ်းမီးကျောက်များ ဖြည့်တင်းနေသည့်အပြင် ဩဂုတ်လ ၂၈ ရက်နေ့ က ရိက္ခာထုပ်များကိုလည်း လေထီးများဖြင့် ချပေးခဲ့သည်ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။
“လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်ဖို့ များတာပေါ့။ ဒီ Y12 ကနေ လေထီးတွေနဲ့ ချတယ်ဆိုတော့ ကျနော်တို့က ယူနိုင်တာ မှတ်တမ်းဓာတ်ပုံအရ ဆိုတော့ ဒီအိတ်ထဲမှာ ဘာတွေပါမယ်လို့ ပြောလို့မရဘူး ဆိုတော့ ဖြစ်နိုင် ချေကတော့ ရိက္ခာနဲ့ လက်နက်ခဲယမ်းပဲ ဖြစ်မှာပေါ့နော် အဲ့နှစ်ခုပဲ ရှိတယ်ဆိုတော့။”
လက်ရှိတွင် မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း နှစ်ရွာ၊ သုံးရွာမှ လွဲ၍ ကျန်ရှိနေသည့် နယ်မြေ၏ ၈၀ ရာခိုင်နှုန်းခန့်ကိုမး တော်လှန်ရေးတပ်များက စိုးမိုးထားပြီး ဖြစ်သည်။
သို့သော် မြို့၏ ပတ်ပတ်လည်ကို စစ်ကောင်စီဘက်က လေကြောင်းမှ လက်နက်ကြီးနှင့် ပစ်ခတ်နေပြီး ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ကိုလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ပြည်သူများ သွားလာအသုံးပြုသည့် လမ်းပိုင်းများတွင်လည်း မိုင်းများ အပြည့် ထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကို အထူးသတိပြုကြရန်လည်း ဆလိုင်းဟာအွမ် က သတိပေး ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့ နှင့် ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီက ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
CDF Mindat အနေဖြင့် ယခုစိုးမိုးထားသည့် နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်တွင် လိုအပ်သည့် အုပ်ချုပ်ရေး ယန္တရား များ လည်ပတ်နိုင်ရေး ပြင်ဆင်နေပြီး ပြည်သူများကိုလည်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအတိုင်း လိုက်နာ၍ နေထိုင်ပေးကြရန် ဆလိုင်း ဟာအွမ်က တောင်းဆိုထားသည်။
ဓါတ်ပုံ – HKL Mindat