ချင်းတောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်တွင် စစ်အုပ်စု လေကြောင်းမှ ရက်ဆက် ဗုံးကြဲပစ်ကူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်တို့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ များ ပြင်းထန်နေပြီး၊ စစ်အုပ်စုတပ်က တံတားဦးနှင့် မကွေး လေတပ်စခန်းများမှ တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ရက်ဆက် ဗုံးကြဲ ပစ်ကူပေးလျက်ရှိကြောင်း ဒေသခံများနှင့် စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ကို တော်လှန်ရေး ပူးပေါင်းတပ် များက ဝိုင်းဝန်းပိတ်ဆို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က တံတားဦး လေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့ဖြင့် မဆာတွီကျေးရွာအနီးနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများကို ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့မှတစ်ဆင့် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာ သည့် စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၉ ရက်တွင် မဆာတွီကျေးရွာသို့ ရောက်ရှိတပ်စွဲ ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ဘာသာရေး အဆောက် အအုံများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။
ဆောမြို့နယ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကြောင်း ရွာထဲ ဝင်လာကတည်းက လေယာဉ်နဲ့ နေ့တိုင်းလိုလို ဗုံးကြဲတာ။ ဘုရား ကျောင်းနဲ့ အိမ်တွေ လည်း ထိကုန်တယ်။ ရွာသားတွေလည်း ဘေးလွတ်ရာ ပြေးနေရလို့ ထိခိုက်မှု အသေးစိတ် တော့ အတည်ပြုပြောနိုင်ဖို့ ခက်တယ်။ အတည်မပြုနိုင်သေးဘူး။ စစ်ရေး အခြေအနေကလည်း အခုထိ တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ” ဟု ပြောသည်။
ထို့ပြင် မင်းတပ်မြို့ပေါ်တွင်လည်း မေလကုန်ပိုင်းမှစ၍ စစ်အုပ်စုတပ်က ပြန်လည်ထိုးစစ်ဆင်လာရာမှ လပေါင်း ၄ လကျော်အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မကွေး လေတပ်စခန်းမှ ထွက်ခွာလာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် မင်းတပ်မြို့ပေါ်ရှိ နှစ်နေရာကို ၂ ကြိမ်ထက်မနည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အခြေအနေနှင့် ပတ်သက်၍ “အောက်တိုဘာ ၃ ရက်နေ့ မွန်း လွဲ ၁ နာရီခွဲကျော်လောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့ပေါ် နှစ်နေရာကို ဗုံး ၄ လုံး ကြဲသွားတာ။ အဲဒီ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူနေအိမ်တချို့ ပျက်စီးသွားပြီး အသက် ၉၀ ဝန်းကျင်ရှိတဲ့ အဖိုးတစ်ဦး သေဆုံးသွားတယ်။ ဒါတင်မကဘူး မနေ့က မွန်းလွဲ ၂ နာရီလောက်မှာလည်း ရှမ်းတဲ လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ မင်းတပ်မြို့အနီးကို ထပ်ပြီး ဗုံးကြဲသွားတာ ရှိတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၀ ထက် မနည်း ရှိခဲ့သည့်အပြင် တပ်မ (၇၇) လက်အောက်ခံ တပ်ရိုက်အင်အား ၂၀ ကျော်ပါ တပ်စုတစ်စုကို တော်လှန် ရေး ပူးပေါင်းတပ်များက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းအချို့က ဆိုသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်ရန် ဆောနှင့် လောင်းရှည်တို့၌ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်များသည် မဆာတွီ၊ ဆွဲလွဲကျင်း၊ အင်ဘူး၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်းနှင့် ကြိမ်ကြီး ကျေးရွာများတွင် တပ်စွဲထားပြီး၊ တော်လှန်ရေး ပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် ချင်းပြည်တောင်ပိုင်းတွင် စစ်ရေး အရှိန် ဆက်လက် တင်းမာလျက် ရှိသည်။
ဓါတ်ပုံ – (မင်းတပ်မြို့နယ်အတွင်း အောက်တိုဘာ ၃ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း / Ĥkl Mindat)