ချင်းပြည် မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှု ပြန်မြင့်၊ စစ်ကော်မရှင်တပ် အင်အား ရာချီ ဖြည့်တင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်မှ အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြန်လည် လုပ်ဆောင်လာခြင်းကြောင့် စစ်ရေးတင်းမာမှုများ သိသိသာသာ မြင့်တက်လာကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။
ချင်းတော်လှန်ရေး အင်အားစုများ၏ အဆိုအရ အောက်တိုဘာ ၂၇ ရက်နေ့က စတင်၍ စစ်ကော်မရှင်တပ်သည် ကလေးမြို့မှတစ်ဆင့် ချင်းပြည်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည်။
အထူးသဖြင့် တီးတိန်မြို့ပေါ်သို့ လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းမှုများ နှစ်ရက်ဆက်တိုက် ပြုလုပ် ခဲ့ပြီး၊ အင်အား ရာနှင့်ချီ စုဆောင်းထားသည် ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။
ချင်းတော်လှန်ရေး အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက“ဒီစစ်ကြောင်းက အင်အားက အရမ်းများတယ်။ သူတို့က တီးတိန်မြို့နယ်အတွင်းကနေတစ်ဆင့် ရွေးကောက်ပွဲ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ဖလမ်းမြို့ဘက်ကို ဦးတည် လာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒါကြောင့် ဒေသခံတွေ သွားလာတဲ့ ဆိုင်ကယ်လမ်းမတွေကိုပါ ပိတ် ထားလိုက်ရပြီ” ဟု ပြောသည်။
ချင်းပြည် မြောက်ပိုင်းသည် ချင်းတော်လှန်ရေးတပ်များ၏ အားကောင်းသည့် နယ်မြေဖြစ်ပြီး မြို့နယ်အချို့ကို တော်လှန်ရေး အဖွဲ့များက ထိန်းချုပ်ထားသည်။
ဤသို့ စစ်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းသည် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ကာလနှင့် နီးကပ်နေချိန်တွင် ချင်းပြည် မြောက်ပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲမတိုင်မီ ဖိအား ပေးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။