ကလေး – တမူး လမ်းပိုင်းကို စစ်အုပ်စု ပြန်ဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် ကလေး – တမူး အာရှလမ်း မကြီးကို စစ်အုပ်စုတပ်က ၄ နှစ်နီးပါးအကြာ ပိတ်ထားခဲ့ရာမှ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်ကြောင်း ဒေသတွင်း ယာဉ်မောင်းများက ပြောသည်။

ယခင်က ချင်းပြည်သို့ စစ်အုပ်စုတပ်ဘက်မှ ရိက္ခာနှင့် စစ်လက်နက် ထောက်ပံ့ရန်အတွက် လေကြောင်းကိုသာ အဓိက အားကိုးခဲ့ရသော်လည်း ယခုအခါ လမ်းပိုင်း ပြန်ဖွင့်လိုက်ခြင်းကြောင့် သံချပ်ကာကားများနှင့် စစ်ကား ကြီးများ အသုံးပြု၍ ကုန်းလမ်းမှ လွယ်ကူစွာ ထိုးစစ်ဆင်လာနိုင်သည့် စစ်ရေးစိန်ခေါ်မှုများ ရှိနေသည်။

ဒေသတွင်း စစ်ရေးသတင်းမြစ်တစ်ဦးက အရင်ပတ်တွေကတော့ တံတားက ပြင်နေသေးတယ်။ အခုက တံတားအားလုံးက ပြင်ပြီးပြီ။ ခမ်းပါတ်တို့၊ တွီဗန်တို့ အားလုံးဘာမှ မကျန်တော့ဘူး။ အကုန်သွားလို့ရနေပြီ။ ဒီကောင်တွေက တိုက်ရိုက်ဝင်ဆောင်ဖို့အတွက်က ဘာမှမခက်တော့ဘူးလေ။ တော်လှန်ရေးနယ်မြေကိုလည်း ခါးလည်က ဖြတ်ပြီးသားပဲ ဟု ပြောသည်။

စစ်အာဏာမသိမ်းမီက တမူးနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် အိန္ဒိယ – မြန်မာ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ သန်း ၁၅၀ ကြား ရှိခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိ ဖောက်လုပ် မည့် သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ပြန်လည်အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည်။

လမ်းပိုင်း မဖွင့်မီ ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းကတည်းက စစ်အုပ်စုက စမ်းသပ်သွားလာခွင့်ပြုခဲ့သော် လည်း လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများ သိန်းဂဏန်းအထိ ပေးဆောင်နေရသည်ဟု ယာဉ်မောင်းများက ဆိုသည်။

ယာဉ်မောင်းတစ်ဦးက သွားနေကြတာပဲ။ တချို့ကြလည်း အစမ်းမောင်းတာပေါ့။ လမ်းကတော့ အများကြီး လွယ်သွားပြီ။ မလွယ်တာက လမ်းကြေးတွေ။ တစ်လျှောက်လုံး ပေးရတယ်။ ဂိတ်တွေ ဂိတ်တွေဆိုတာ နည်း တာ မဟုတ်ဘူး။ အရေးကြီးတာ မရှိရင်တော့ မသွားတာ ကောင်းပါတယ် ဟု ပြောသည်။

လမ်းတစ်လျှောက် စစ်အုပ်စု၏ စစ်ဆေးမှုများ တင်းကျပ်လျက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ခရီးသွားထောက်ခံစာများ ယူဆောင်ရန် လိုအပ်သည်။

လက်ရှိတွင် ကလေး – တမူးလမ်းပိုင်းကို ဖွင့်လှစ်ထားသော်လည်း တင်းကျပ်သည့် စစ်ဆေးမှုများကြောင့် အိန္ဒိယ နိုင်ငံဘက်မှ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်ပြီး အမှန်တကယ် ဝင်ရောက်လာသည့် အချိန်တွင်လည်း ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ဓါတ်ပုံ – (ပုံဟောင်း / Crd)