စစ်ကော်ရှင်နှင့် ပူးပေါင်းနေသည့် ကသည်းလက်နက်ကိုင်အဖွဲ့ တိုက်ခိုက်ခံရ၊ သေဆုံးမှုများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲ၌ မြန်မာစစ်တပ်နှင့် ပေါင်းနေသော အိန္ဒိယနိုင်ငံဘက်က ကသည်းလက်နက် ကိုင် တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုများခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
ကလေးမြို့နယ်ထဲက နန်းဟန်နွဲ့ကျေးရွာတွင် တပ်စွဲထားသည့် မြန်မာစစ်တပ်နှင့် ပေါင်းနေသော အိန္ဒိယနိုင်ငံက ကသည်း လက်နက်ကိုင်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ ကလေးခရိုင် အခြေစိုက် အမှတ် ၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကလေးခရိုင် အမှတ် ၄ တပ်ရင်းမှ စက်တင်ဘာလ ၁၅ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။ မိမိတို့ ဘက်မှ ဗုံးကြဲချ တိုက်ခိုက်သဖြင့် စစ်ကော်မရှင် ဗိုလ်တစ်ဦး ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်စိတ် (၁) စိတ် သေဆုံးခဲ့သည့်အပြင် စစ်ကော်မရှင် ဗိုလ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်” ဟု ထုတ်ပြန်ထားသည်။
တိုက်ခိုက်ခံရမှုထဲ ကသည်းလက်နက်ကိုင်အဖွဲ့က တပ်စိတ်တစ်စိတ် (၁၀ ဦးဝန်းကျင်) သေဆုံးခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက စက်တင်ဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့ တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကသည်းလက်နက်ကိုင်တပ်မှာ အင်အား ၆၀ ဝန်းကျင် ရှိနေပြီး စက်တင် ဘာလ ပထမပတ်ကတည်းက ကလေးမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်လာခြင်း ဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသ က ပြောသည်။
ထို့အပြင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့က ဗိုလ်ကြီး တစ်ဦး ဦးစီးသော တပ်ဖွဲ့က အင်အား ၃၀ ခန့်မှာလည်း ကလေးမြို့ရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ အရာရှိသင်တန်း တက်နေကြသည်ဟု ဆိုသည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စပြီး တမူးခရိုင်ထဲက တမူး မြို့နယ်နှင့် ခန္တီးခရိုင်ထဲက ဟုမ္မလင်းမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များ ကို မကြာခဏ တိုက်ခိုက်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
တမူးခရိုင်အတွင်းတွင် ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ ပူးပေါင်းအင်အား (၅၀၀) ကျော်ခန့် ရှိသည်ဟု အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကသည်းလက်နက်ကိုင်အဖွဲ့မှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲက ဟဲဇင်းကျေးရွာအတွင်း ဝင်ရောက် နေထိုင်နေသည်မှာ ၁၀ စုနှစ် တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုများ လုပ်သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။