မော်လိုက်-ကလေး အကျဉ်းထောင်တွင် ဆေးကုသခွင့်အတွက် လာဘ်ထိုးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ မော်လိုက် – ကလေး အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုကြောင့် အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်ကိုပါ ခြိမ်းခြောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ဖော် ပြောကြားလိုက်သည်။
အထူးသဖြင့် အရေးပေါ် ဆေးကုသခွင့် ရရှိရန် ငွေကြေးပေးချေနေရပြီး၊ ငွေကြေးမတတ်နိုင်သူများမှာမူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
PPNM ၏ ထုတ်ပြန်ချက်အရ မော်လိုက် – ကလေး အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းကျသူများသည် ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး၊ အရေးပေါ်လူနာများ ပြင်ပဆေးကုသခွင့် ရရန်အတွက် ထောင်ပိုင်ကြီးနှင့် အရာရှိတချို့ကို လာဘ်ငွေပေးမှသာ ခွင့်ပြုပေးနေခြင်း ဖြစ်သည်။
အရေးပေါ် ဆေးကုသခွင့် တစ်ကြိမ်အတွက် ပေးဆောင်ရသည့် ပမာဏမှာ မြန်မာငွေကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ ကြား ရှိနေပြီး၊ တစ်ခါတရံတွင် ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင်အပျော်အပါး KTV ဖိုးကိုပါ တောင်းဆိုနေ သည်ဟု PPNM က ဆိုသည်။
ဒီလို စနစ်တကျ ငွေတောင်းခံမှုများကြောင့် တကယ်ကျန်းမာရေးဆိုးဝါးပြီး ငွေကြေးမတတ်နိုင်သူများသည် အချိန်မီ ကုသခွင့်မရဘဲ မသန်စွမ်းဖြစ်သွားရခြင်း၊ သို့မဟုတ် အသက်ဆုံးရှုံးရခြင်းမျိုးများ ကြုံနေရသည်။
PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အခြေအနေကို ယခုကဲ့သို့ ဝေဖန်ပြောဆိုသည်။
“လူ့အသက်ကို အခြေတည်ပြီးတော့မှ စီးပွားရေး လုပ်နေတယ်၊ စီးပွားရေး လုပ်ကွက် လုပ်ငန်းတစ်ခုလို့ပဲ ကျနော် မြင်ပါတယ်။ ဒါဟာ လူတစ်စုရဲ့ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အပါအဝင် အခြား အကျဉ်းသားတွေရဲ့ ချွေးတွေသွေးတွေပေါ့နော်၊ ဒီကျန်းမာရေး မကောင်းမှုတွေကို ခုတုံးလုပ်ပြီးတော့မှ ငွေရှာ တဲ့ လုပ်ငန်း တစ်ရပ်ကို ပုံဆောင်နေတာကတော့ အင်မတန်ကိုမှ စိတ်ပျက်ဖို့ ကောင်းတဲ့ အခြေအနေလို့ပဲ ကျနော် ပြောချင်ပါတယ်။”
PPNM ၏ စာရင်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆေးကုသမှု မရရှိခြင်းကြောင့် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးအထိ ကျဆုံးခဲ့ပြီး ဖြစ်သည်။
ကိုသိုက်ထွန်းဦးက ဆက်လက်၍ “အကျဉ်းသားတစ်ယောက်ရဲ့ အခွင့်အရေးအရ သော်လည်းကောင်း၊ လူသား တစ်ယောက်ရဲ့ အခွင့်အရေးအရ သော်လည်းကောင်း အသက်ရှင်သန်ပိုင်ခွင့်ဟာ အခြေခံ အခွင့်အရေး ဖြစ်ပါ တယ်။ သို့သော်လည်းပဲ အကျဉ်းထောင်ထဲမှာတော့ အကျဉ်းသား၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ဖြစ်တည် မှု အပေါ်မှာ မူတည်၍ သော်လည်းကောင်း၊ ငွေကြေး အဆင်မပြေမှုပေါ်မှာ အခြေတည်ပြီးတော့မှ ခွဲခြား ဆက်ဆံ ခံနေရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုကို ထောက်ပြသည်။
PPNM က ထောင်အာဏာပိုင်များသည် ဖိနှိပ်မှုများအပေါ် ပြည်ထဲရေးကို ဟန်ပြရန်အတွက် ကျန်းမာရေး ဟောပြောပွဲကဲ့သို့သော သရုပ်ပြဓာတ်ပုံများ ရိုက်ကူးပြီး တင်ပြလေ့ရှိကြောင်းလည်း ထောက်ပြခဲ့သည်။
ထို့အပြင် ၂၀၂၂ ခုနှစ် ကာလများက မော်လိုက် – ကလေး အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို ပစ်ခတ် ဖြိုခွင်းမှုများ၊ လွှတ်ပေးပြီးနောက် ထောင်ဝတွင် ပြန်ဖမ်းဆီးမှုများအထိ ဖိနှိပ်မှုများ ရှိခဲ့သည်ဟု PPNM က ဆိုသည်။
PPNM က လူ့အခွင့်အရေး စံနှုန်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေသည့် လာဘ်ပေးလာဘ်ယူမှုများနှင့် ဆေးကုသခွင့် ပိတ်ပင်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုထားကြသည်။