ထွက်ပြေး သုံ့ပန်းအချို့ ပြန်ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်။ 

အင်းတော်တိုက်ပွဲမှ စစ်သုံ့ပန်း ၁၃ ဦး ထွက်ပြေးမှုတွင် ၅ ဦး ပြန်လည် ဖမ်းမိပြီး လက်နက် ၃ လက် ပြန်ရသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၁၃ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ရက်ပိုင်းအကြာတွင် ၎င်းတို့အနက်မှ ၅ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်ဟု အမည်မဖော်လိုသည့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

အဆိုပါ ထွက်ပြေးလွတ်မြောက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ စစ်သုံ့ပန်း ၁၃ ဦးသည် ကင်းစောင့်နေသည့် ရဲဘော် ၃ ဦးကို ကြိုးတုတ်ကာ ၎င်းတို့၏ လက်နက်များပါ ယူဆောင်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးရမိသည့် အခြေအနေနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားခဲ့သည်။

ဒီရက်ပိုင်းတွေဘဲ ပြန်ဖမ်းမိတာ။ သူတို့တွေ ပြေးဖို့နေရာမရှိပါဘူး။ ဒီတစ်ဝှိုက်က ကျနော်တို့ သိမ်းထားတဲ့ နယ်မြေတွေဘဲလေ။ အခုက ပါသွားတဲ့သေနတ် ၃ လက်လည်း ပြန်ရတယ်။ လူကတော့ ၅ ယောက် ပြန်မိပြီ။ ဒီကောင်တွေလည်း ဘယ်အချိန်ထဲက ပြင်ဆင်နေတာလည်း မသိဘူး။

ထွက်ပြေးလွတ်မြောက် သွားသူများထဲတွင် ရဲမှူး မောင်မောင်လှတင့်အပါအဝင် မြို့နယ်မှူး အောင်မြင့်နိုင်၊ တပ်ရင်းမှူး မျိုးမြင့်သူ၊ မြင့်မောင်မောင်စိုး (G2)၊ အောင်ဖြိုးထွန်း (G2)၊ ကျော်စိုးဦး (G3)၊ ကွန်မန်ဒိုတပ်စုမှူး ဝေဖြိုးဦး၊ ဆက်သွယ်ရေးတပ်ခွဲမှူး ဝေဖြိုးအောင်၊ တပ်စုမှူး မျိုးမင်းအောင် (အမြောက်တပ်စုမှူး)၊ ခွဲမှူး ဘုန်းထက် အောင်၊ ဆေးမှူး ကျော်နိုင်စိုး၊ ဟန်လင်းထွန်း (G3) နှင့် တပ်စုမှူး ဝေလွင်ဖြိုးမောင် စသည့် ရာထူးရာခံ မြင့်သူများ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးသွားသူများ အနက် မည်သူမည်ဝါကို ပြန်လည် ဖမ်းဆီးရမိသည် ဆိုသည်နှင့် ပတ်သက်၍ မူ လုံခြုံရေးအရ အတည်မပြုနိုင်သေးကြောင်း အခြေအနေကို သိရှိသူများက ဆိုသည်။

ကချင်ပြည်နှင့် အစပ်တွင်ရှိသည့် အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဧပြီလတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့သိမ်းတိုက်ပွဲသည် ၈ လကြာမြင့်ခဲ့သည်။ 

အဆိုပါမြို့သိမ်းတိုက်ပွဲတွင် ဟောင်ဝစ်ဇာအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရမိခဲ့သည့် အပြင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး နှင့် စစ်သုံ့ပန်း အများအပြားကို ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထွက်ပြေး လွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည်လည်း အဆိုပါ တပ်မမှူးနှင့်အတူ ဖမ်းဆီးရမိခဲ့သူများ ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။