ကလေးမြို့နယ် စစ်ရှောင်တစ်သောင်းကျော် အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်။
ကလေးမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ယင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း အကူအညီပေးသူများက ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့မှ စတင်၍ စစ်ကော်မရှင်တပ်က လေကြောင်းမှ စစ်အင်အား ဖြည့်တင်းကာ ကလေး – တမူး နှင့် ကလေး – ဂန့်ဂေါ လမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်း ဖြစ်သည်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ထွက်ပြေးတိမ်းရှောင် နေရသူ အရေအတွက်မှာ အိမ်ထောင်စုပေါင်း ၄,၀၀၀ ခန့်နှင့် လူဦးရေ တစ်သောင်းခန့် ရှိနေသည်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က “ဒီကျနော်တို့ ဒီ ကလေး – တမူး၊ အိန္ဒိယ -မြန်မာ ချစ်ကြည်ရေး လမ်းမတစ်လျှောက်က ဒီရွာတစ်လျှောက်လုံးပေါ့ဗျာ။ အဲဒီ ကျနော်တို့ ဆယ်ရွာကနေ ရွာပေါင်း ၂၀ လောက်ရှိမယ်။ အဲဒီရွာတွေမှာရှိတဲ့ အိမ်ထောင်စု ဒီ ၄၀၀၀ လောက်က ဒီလူဦးရေဆိုလို့ရှိရင် တစ်သောင်းလောက် ခန့်မှန်းရတယ်။ ဒီဟာတွေဆိုလို့ရှိရင် ကျနော်တို့ အရေးပေါ် တိမ်းရှောင်နေပါတယ်” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် တောတောင်များအတွင်း အဆင်ပြေသလို ခိုလှုံနေကြရသည့် စစ်ရှောင်များထဲ၌ သက်ကြီးရွယ်အို များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အများအပြား ပါဝင်နေသည်။
အထူးသဖြင့် ရာသီ အကူးအပြောင်းကာလ ဖြစ်သောကြောင့် ဖျားနာမှုများ များပြားနေပြီး အကူအညီပေးရေး လုပ်ငန်းများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုသည် အဓိက စိန်ခေါ်မှုဖြစ်လာနေသည်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က “အခုရှိနေတဲ့အခြေအနေမှာတော့ ဒီအရေး ပေါ် ဆန်နဲ့ရိက္ခာနဲ့၊ ဒီအရေးပေါ်လူသုံးကုန်ပစ္စည်းတွေနဲ့ လက်ရှိ ရာသီဥတုပြောင်း ကာလကြောင့်မို့လို့ ဒီဖျားနာ တာတွေရော တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ဒီအရေးပေါ် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အလုံအလောက် လိုအပ်ပါတယ်”ဟု ဆက်ပြောသည်။
စစ်ရှောင်ပြည်သူ အချို့အတွက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်း မီသလောက် လုပ်ဆောင်ပေးနေသော်လည်း၊ မသန်စွမ်း၊ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကမူ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်း များကိုပါ စွန့်လွှတ်ခဲ့ရခြင်းကြောင့် ရေရှည်တွင် စားဝတ်နေရေး အကျပ်အတည်းများလည်း ရင်ဆိုင်ရဖွယ်ရှိနေ သည်။
အကူအညီပေးရေးအဖွဲ့များကမူ အရေးပေါ်အကူအညီများ အချိန်မီမရပါက လူသားချင်း စာနာမှုဆိုင်ရာ အကျပ် အတည်းသည် ပိုမိုဆိုးလာနိုင်သည်ဟု သုံးသပ်ထားသည်။
ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီကလည်း အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာ ပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ပြည်တွင်းပြည်ပက အင်အားစုများ အနေဖြင့် စစ်ဘေးရှောင် ပြည်သူများကို အရေးပေါ်ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။