KK Park စီးနင်းမှု ‘ဟန်ပြ’ ရှင်းလင်းရေး၊ KNU ကို စွပ်စွဲခြင်းနှင့် မပြိုလဲသေးသည့် ရာဇဝတ်ကွန်ရက်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
မြန်မာ – ထိုင်းနယ်စပ်၊ ကရင်ပြည်၊ မြဝတီမြို့နယ်ရှိ အကြီးဆုံး ဆိုက်ဘာ ငွေလိမ်ခြံဝန်းတစ်ခုဖြစ်သည့် KK Park ကို စစ်ကော်မရှင်တပ်များ ဝင်ရောက်စီးနင်းမှုသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကွန်ရက်များ၏ ရှုပ်ထွေး ပွေလီမှုနှင့် အာဏာပိုင်များ၏ တာဝန်ခံမှု ကင်းမဲ့ပုံကို ထင်ဟပ်စေသည်။
အထူးသဖြင့် စစ်ကော်မရှင်သည် ဤယောင်ပြစီးနင်းမှုကို အသုံးချ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အပေါ် စစ်ရေး၊ နိုင်ငံရေးအရ တိုက်ခိုက်စွပ်စွဲရန် ကြိုးပမ်းနေကြောင်း KNU ဘက်က ပြန်လည် တုံ့ပြန်ငြင်းဆိုခဲ့သည်။
စစ်ကော်မရှင်၏ ‘ဟန်ပြ’ စီးနင်းမှုနှင့် ထုတ်ပြန်ချက်
အောက်တိုဘာလ (၂၀၂၅) နှောင်းပိုင်းတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် KK Park ကို ဝင်ရောက်ရှင်းလင်းခဲ့ ပြီး အလုပ်သမား ၂,၁၉၈ ဦး ကို ဖမ်းဆီးထိန်းသိမ်းကာ Starlink စက် ၃၀ စုံ ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန် ခဲ့သည်။
ဤလုပ်ဆောင်ချက်သည် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ နိုင်ငံတကာ ဖိအားများကို လျှော့ချရန် ရည်ရွယ်သည့် အယောင်ပြလုပ်ရပ် အဖြစ် အရပ်ဘက်အဖွဲ့အစည်းများနှင့် လေ့လာသူများက ရှုမြင်ကြသည်။
စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park စီမံကိန်းတွင် KNU ခေါင်းဆောင်များ ကိုယ် တိုင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်ကိုယ်တိုင် ပါဝင် ပတ်သက်နေ တယ် ဆိုတာ ထင်ရှားတာတွေ့ရ ပါတယ်။ ငွေကြေးရယူလိုမှု တစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံး စား လုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
စာချုပ်အထောက်အထား ထုတ်ဖော်မှုဖြင့် KNU ကို စွပ်စွဲခြင်း
ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ၎င်းတို့၏ စွပ်စွဲချက်ကို အတည်ပြုရန် စာချုပ်အထောက်အထားများကို ထုတ်ဖော် ခဲ့သည်။
KNU ၏ မူလအိအလင်း ကုမ္ပဏီ နှင့် ထိုင်းကုမ္ပဏီတို့အကြား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင် မြေငှားရမ်းခြင်း သဘောတူညီချက် ချုပ်ဆိုခဲ့ဖူးကြောင်း ဖော်ထုတ်ခဲ့သည်။
အဆိုပါစာချုပ်တွင် လက်ရှိ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က KNU ဘဏ္ဍာရေး ကော်မတီ ဗဟိုကိုယ်စားနှင့် ယခင် ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရောဂျာခင် တို့က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ ကြောင်း စစ်ကော်မရှင်ဘက်က စွပ်စွဲသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က “အဲ့မြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစား လုပ်ငန်းတွေကိုလည်း အခကြေးငွေ ယူပြီး ကြေးစား ကာကွယ် မှုများ လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိနေတဲ့ ငွေကြေး တွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု စွပ်စွဲ ပြောဆိုသည်။
KNU သည် အဆိုပါ လောင်းကစားလုပ်ငန်းများကို အခကြေးငွေယူ၍ ကာကွယ်ပေးနေပြီး ယင်းမှရရှိသော ငွေများကို စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရန် အသုံးပြုနေကြောင်း မြန်မာစစ်အုပ်စုက စွပ်စွဲပြောဆိုခဲ့သည်။
KNU ၏ ပြတ်သားသော တုံ့ပြန်ချက်နှင့် ငြင်းဆိုမှု
စစ်ကော်မရှင်တပ်၏ စွပ်စွဲချက်များနှင့် စာချုပ်စာတမ်း ထုတ်ဖော်မှုအပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေး ကမူ KK Park နှင့် လက်ရှိလုပ်ငန်းများတွင် KNU အနေဖြင့် လုံးဝမပတ်သက်ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။
ပဒိုကလယ်စေး၏ ပြောကြားချက်အရ-
– စစ်ကော်မရှင် ထုတ်ဖော်ပြောဆိုသည့် စာချုပ်ပါ မြေနေရာသည် KK Park နှင့် နီးစပ်နေခြင်းကို အသုံးချ၍ KNU ကို နိုင်ငံရေးအရ ဆွဲသွင်းတိုက်ခိုက်လိုခြင်း သက်သက်သာ ဖြစ်သည်။
– KK Park သည် KNU ထိန်းချုပ်နယ်မြေမဟုတ်ဘဲ BGF (နယ်ခြားစောင့်တပ်) က ဦးဆောင်လုပ်ကိုင် ထားသည့် နေရာဖြစ်ကြောင်း KNU ဘက်က တိတိကျကျ ထောက်ပြသည်။
– စစ်ကော်မရှင်၏ စီးနင်းမှုသည် ဟန်ပြသက်သက် ဖြစ်ပြီး သိမ်းဆည်းခဲ့သော Starlink ကိရိယာများသည် လည်း ကုမ္ပဏီက လော့ခ်ချထားပြီးဖြစ်သည့်အတွက် ရည်ရွယ်ချက်တစ်ခုခုရှိ၍ KNU ကို စွပ်စွဲရန် ကြိုးပမ်းခြင်းဟု ရှုမြင်သည်။
– KNU အဖွဲ့အစည်းအတွင်းမှ မည်သူမဆို ယင်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်ပါက ဥပဒေလုပ်ငန်းစဉ် အတိုင်း အပြစ်ပေး အရေးယူ သွားမည့် လုပ်ထုံးနည်းများ ချမှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ပဒိုကလယ်စေးက “ကျနော်တို့ KNU က နဂိုကတည်းက လုံးလုံးမပတ်သက်ဘူး။ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ လည်း KNU ထဲမှာ ပါဝင်ပတ်သက်တဲ့ လူရှိရင် တာဝန်ခံရမယ်လို့ ကျနော်တို့ထုတ်ပြန် ကြေညာထားပြီး ဖြစ် တယ်။ ကျနော်တို့ KNU အနေနဲ့ကတော့ လုံးလုံးကို ဒါမပတ်သက်ဖို့ ဥပဒေအရ သော်လည်းကောင်း ကျနော်တို့ အဖွဲ့အစည်း အဆုံးအဖြတ်အရ သော်လည်းကောင်း ဒါတွေသည် ကျနော်တို့ လုံးဝလက်မခံဘူးဆိုတဲ့ အကြောင်း လုပ်ဆောင်တဲ့ လူရှိရင်လည်း ကျနော်တို့ အပြစ်ပေးအရေးယူ သွားမယ်” ဟု ပြောသည်။
ပဒိုကလယ်စေးက ကရင် အဖွဲ့အစည်းများ ပတ်သက်မှု ရှိသဖြင့် အချို့နားမလည်သူများက ကရင် အဖွဲ့အစည်း ဖြစ်သော KNU ကို အထင်မှားမှုများ ရှိသည်ဟု သူက ပြောသည်။ နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ တပ်လျှိုသွေးခွဲမှုကြောင့် ခွဲထွက်သွားသည့် အဖွဲ့များ ဖြစ်ပြီး၊ ၎င်းတို့၏ နောက်ကျောတွင် စစ်အုပ်စုက ဓားဖြင့် ထောက်ထားသည် ကို မမေ့သင့်ကြောင်း သတိပေး ပြောကြားခဲ့သည်။
BGF ၏ ဝန်ခံချက်နှင့် စစ်ကော်မရှင်တပ် (မြန်မာစစ်အုပ်စု) ၏ တိုက်ရိုက်ဖိအား
KK Park ကို စီမံခန့်ခွဲနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ စစ်ဒေသ (၂) တာဝန်ရှိသူ ဗိုလ်မှူးချုပ် စောတင်ဝင်း ၏ ပြောဆိုမှုသည် စစ်ကော်မရှင်၏ တာဝန်ခံမှုကင်းမဲ့ပုံကို ပိုမို ထင်ဟပ်စေသည်။
ကရင်သတင်းဌာန (KIC) ကို ပြောဆိုရာတွင် ဗိုလ်မှူးချုပ် စောတင်ဝင်းက KK Park မှ လူများကို ပြောင်းရွှေ့ပေး ရသည့် အကြောင်းရင်းကို ပြောပြထားသည်။
BGF စစ်ဒေသ (၂) ၏ တာဝန်ရှိ ဗိုလ်မှူးချုပ် စောတင်ဝင်းက “KK park ကိစ္စနဲ့ပတ်သက်ပြီး ကျားဖြန့်လို့ နာမည် ထွက်တော့ အဖွဲ့အစည်းနာ မည်လည်း ထိခိုက်တယ်။ ပြီးတော့ မြန်မာစစ်တပ်ဘက်ကလည်း ကျနော်တို့ ဖိအား ပေးလာတာ ရှိတယ်။ အဲဒါကြောင့် သူတို့မှာရှိတဲ့အဆက်အသွယ်ကနေတဆင့် ကျနော်တို့ပေးပြန်တာ” ဟု ကေအိုင်စီကို ပြောဆိုထားသည်။
ဤဝန်ခံချက်သည် BGF သည် KK Park ကို ထိန်းချုပ်ထားကြောင်း သွယ်ဝိုက် အတည်ပြုသလို နိုင်ငံတကာ ဖိအားကြောင့် စစ်ကောင်စီကိုယ်တိုင် BGF ကို လှုပ်ရှားရန် တိုက်ရိုက်ဖိအားပေးခဲ့ကြောင်းလည်း ပြသသည်။
သို့သော် ပြောင်းရွှေ့သူများကို နေရပ်ပြန်ပို့ခြင်း ဟုတ်မဟုတ် မရှင်းလင်းဘဲ မြဝတီအတွင်း အခြားနေရာသို့ ပုန်းလျှိုးနေရာချထားရန် လှုပ်ရှားနေသည်ဆိုသော သတင်းများကြောင့် ဤပြောင်းရွှေ့မှုသည် ပြဿနာကို ဖုံးကွယ်ခြင်းသာ ဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။
လက်ရှိ အခြေအနေနှင့် ရာဇဝတ်ကွန်ရက်၏ မပြိုလဲနိုင်မှု
KK Park တွင် စစ်ကော်မရှင်တပ်၏ စီးနင်းမှုအပြီး လူအများအပြားကို ပြောင်းရွှေ့ခဲ့သော်လည်း ရာဇဝတ်ကွန် ရက်သည် ချက်ချင်းပြိုလဲသွားခြင်း မရှိကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် ထိုင်းအာဏာပိုင်များက ပြောကြသည်။
စီးနင်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံခြားသား ၆၀၀ ကျော် (၆၇၇ ဦးအထိ) သည် KK Park မှ ထိုင်းနိုင်ငံ၊ မဲဆောက် ဘက်ခြမ်းသို့ မြစ်ကို ဖြတ်ကျော်ကာ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းတာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားထားသည်။
ဒေသအတွင်းမှ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး၏ သတင်းပေးပို့ချက် (Antara News အား ရန်ကုန်ရှိ အင်ဒိုနီးရှား သံရုံးက ကိုးကားဖော်ပြ) အရ၊ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် အချို့မှာ KK Park တွင် ပိတ်မိနေဆဲဖြစ်ပြီး၊ အချို့မှာ မြဝတီ – ရွှေကုက္ကိုလ်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့သည်။
ထိုင်းစစ်ဘက်အရာရှိများ၏ အဆိုအရ BGF သည် KK Park အတွင်းရှိ လုပ်ငန်းနှင့် သက်ဆိုင်သော အဆောက် အအုံ အချို့တွင် ပေါက်ကွဲမှုများ ပြုလုပ်ဖျက်ဆီးခဲ့သည်။
ဤဖျက်ဆီးမှုများသည် စစ်ကော်မရှင်နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့၏ ပူးပေါင်းစစ်ဆေးမှုအတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် နိုင်ငံတကာအား ဟန်ပြခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြသည်။
AFP သတင်းအေဂျင်စီ၏ ဂြိုဟ်တုဓာတ်ပုံ ဆန်းစစ်ချက် အရ စစ်ကော်မရှင်သည် KK Park တစ်စိတ်တစ်ပိုင်း ကိုသာ ထိန်းချုပ်ထားပြီး၊ မြဝတီဒေသတစ်ဝိုက်တွင် အခြား သံသယရှိ ငွေလိမ်စင်တာ ၂၇ ခု ခန့် ရှိနေဆဲဖြစ် သည်။
ထို့ကြောင့် ဒေသဆိုင်ရာ လေ့လာသူများက ၎င်း၏ စီးနင်းမှုသည် ပြဿနာကို အမှန်တကယ် အမြစ်ဖြတ်ခြင်း ထက်၊ နိုင်ငံတကာ ဖိအားများကို တုံ့ပြန်ခြင်းသက်သက်သာ ဖြစ်နိုင်သည်ဟူသော သုံးသပ်ချက်ကို ပိုမိုခိုင်မာစေ သည်။
နိုင်ငံတကာ ဖိအား၏ အရှိန်အဟုန်
KK Park ကိစ္စ ပေါ်ပေါက်လာရခြင်းနှင့် စစ်ကော်မရှင်တပ်၏ ဝင်ရောက်ရှင်းလင်းမှုသည် အမေရိကန်၊ တရုတ် အပါအဝင် နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားကြောင့် ဖြစ်ကြောင်း ရှင်းလင်းသည်။
အမေရိကန်၏ တိုက်ရိုက်ပိတ်ဆို့မှုများ – ၂၀၂၅ ခုနှစ်၊ မေလတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန (Treasury Department) သည် BGF ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCO) အဖြစ် သတ်မှတ်ခဲ့ပြီး ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားနှစ်ဦးကိုပါ ငွေလိမ်လည်မှုနှင့် လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ခဲ့သည်။ (BGF ကို အချို့သတင်းများတွင် ‘Karen National Army – KNA’ ဟုလည်း ဖော်ပြလေ့ရှိသည်။)
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရွှေကုက္ကိုလ် (Shwe Kokko) အပါအဝင် မြန်မာရှိ ငွေလိမ်စင်တာ ၉ ခု ကို ထပ်မံပိတ်ဆို့ခဲ့ပြီး၊ ယင်းစခန်းများသည် ပိတ်ဆို့ခံထားရသော BGF ၏ အကာအကွယ်အောက်တွင် လည်ပတ်နေကြောင်း တရားဝင် ဖော်ပြခဲ့သည်။
ဥပဒေမူကြမ်း (H. R. 5490) – အမေရိကန်ကွန်ဂရက်သို့ တင်သွင်းထားသည့် “နိုင်ငံခြားငွေလိမ်လည်မှု ဂိုဏ်းများ တိုက်ဖျက်ရေး အက်ဥပဒေ” မူကြမ်းတွင် မြန်မာရှိ ငွေလိမ်စင်တာများသည် တရုတ် ရာဇဝတ် ဂိုဏ်းများနှင့် အာဏာရှင်အစိုးရများအကြား ဖက်စပ်လုပ်ငန်းများအဖြစ် လည်ပတ်နေကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဤဥပဒေမူကြမ်းသည် မြန်မာစစ်အုပ်စု၏ တိုက်ရိုက်ပါဝင်မှုများကို စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားပြီး၊ BGF မှ ဗိုလ်မှူး Mote Thun (မုတ်သုန်) အပါအဝင် မြန်မာနှင့် ဒေသတွင်းမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၄၀ ကျော် ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ရန် စဉ်းစားမည့် စာရင်းတွင်လည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားပေးမှု – မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ ဆိုက်ဘာငွေလိမ် ဂိုဏ်းများကို ဖိအားပေး ဖြိုခွင်းရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အဓိကကျသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာမြောက်ပိုင်း၌ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ငွေလိမ်ဂိုဏ်းများ အပေါ် တရုတ်၏ ပြင်းထန်သော ဖိအားပေးမှုကြောင့် ကိုးကန့် ခေါင်းဆောင်များ ကို ဖမ်းဆီးပြီး သေဒဏ်ပေး သည်အထိ တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတကာ ဖိအားပေးမှု၏ ထိရောက်ပုံကို အထင်အရှား ပြသခဲ့သည်။
လက်ရှိအချိန်တွင်လည်း တရုတ်နိုင်ငံ၏ ဦးစားပေးမှာ နယ်စပ်လုံခြုံရေးနှင့် ငွေလိမ်ဂိုဏ်းများ ဖြိုခွဲရေး ဖြစ်လာသည်။
တရုတ်အစိုးရသည် ၎င်းတို့၏ နိုင်ငံသားများအား ခေါ်ယူကာ ငွေလိမ်ဂိုဏ်းများ ထူထောင်စေသည့် မြဝတီကဲ့သို့ ဒေသများပေါ်တွင် ဆက်လက်၍ ဖိအားပေးနေခြင်း သည် စစ်ကော်မရှင်အား KK Park ကို ဟန်ပြ ဝင်ရောက် ရှင်းလင်းစေရန် တွန်းအားဖြစ်စေခဲ့သည့် အဓိကအချက်ဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ဤလုပ်ရပ်ဖြင့် တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းခြင်းဖြင့် ပြည်တွင်း/ပြည်ပ မျက်နှာစာ ထိန်းသိမ်းရန် ရည်ရွယ်ခဲ့သည်ဟု သုံးသပ်ရသည်။
ကျင်းပလုဆဲဆဲ အာဆီယံ ထိပ်သီးညီလာခံ – ယခုနှစ် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို မလေးရှား နိုင်ငံတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပဖို့ ရှိရာ ထိုထိပ်သီး ညီလာခံအတွင်း ငွေလိမ် ဂိုဏ်းများနှင့် ပတ်သက်၍ နိုင်ငံအများအပြားက ဖိအားပေးရန် ရှိနေသည်။
ဖော်ပြထားပြီး ဖြစ်သော အမေရိကန် နှင့် တရုတ်တို့အပြင် ကိုရီးယား၊ ထိုင်းနှင့် မလေးရှားကဲ့သို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ခွင့်ပြုထားသော ငွေလိမ်ဂိုဏ်းများအား ထိရောက်စွာ အရေးယူရန် ဖိအားပေးသွားရန် ရှိနေသည်။
တောင်ကိုရီးယား နိုင်ငံသားများ သားကောင်ဖြစ်နေရမှုကြောင့် ကမ္ဘောဒီးယားနှင့် ဒေသတွင်း ရှိ ငွေလိမ်ဂိုဏ်းများ ကို တိုက်ဖျက်ရန် အာဆီယံတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင် ချမှတ်ရန် တောင်ကိုရီးယားနိုင်ငံ က တောင်းဆိုထားသည်။
အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံက ငွေလိမ်ဂိုဏ်းကိစ္စကို ‘ဒစ်ဂျစ်တယ်ကျွန်ပြုမှု’ နှင့် ‘လူသားလုံခြုံရေးကို ခြိမ်းခြောက်မှု’ အဖြစ် သတ်မှတ်ပြီး အာဆီယံအနေဖြင့် အရှက်ရစေသော ဤပြဿနာကို အရေးယူရန် တိုက်တွန်းထားသည်။
ထို့ကြောင့်လည်း KK Park ဟန်ပြ စီးနင်းမှုသည် အာဆီယံ ထိပ်သီး ညီလာခံမတိုင်မီတွင် အချိန်ကိုက်ပြီး ဖြစ်ပေါ် ခဲ့ပုံရသည်။
လူကုန်ကူးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ခြိမ်းခြောက်မှု
KK Park နှင့် အခြားငွေလိမ်စင်တာများ၏ ပြဿနာသည် ငွေကြေးခိုးယူမှုထက် ကျော်လွန်၍ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကိုပါ ဖြစ်စေသည်။
ဤဆိုက်ဘာဂိုဏ်းများသည် အမေရိကန် အပါအဝင် နိုင်ငံတကာမှ ပြည်သူများထံမှ နှစ်စဉ် ဒေါ်လာဘီလီယံ ပေါင်းများစွာ ခိုးယူနေသည်သာမက၊ လူကုန်ကူးခံရသူ ထောင်နှင့်ချီကို အဓမ္မစေခိုင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ ဖြင့် ခိုင်းစေနေသည်။
ဤအချက်သည် KK Park ကိစ္စအား ကမ္ဘာ့လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် နိုင်ငံတကာက အလေးထား ရှုမြင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။
အဖြေရှာရန် လိုအပ်နေသော တာဝန်ခံမှု ကွင်းဆက်
KK Park မှ လူအစုလိုက် ပြောင်းရွှေ့နေမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် စောတင်ဝင်းတို့ ၏ ကွဲပြားသော ပြောဆိုမှုများသည် ဤရာဇဝတ်မှုကွန်ရက်များတွင် စစ်အုပ်စု၏ စနစ်တကျ ပါဝင်ပတ်သက်မှု (သို့မဟုတ်) အကာအကွယ်ပေးမှုတို့ကို ဖော်ထုတ်ရန် အခြေခံအချက်များ ဖြစ်သည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဤရာဇဝတ် စီးပွားကွန်ရက်ကို ထိရောက်စွာ အမြစ်ဖြတ်နိုင်ရန်အတွက် ဆိုက်ဘာဂိုဏ်းများထက် ယင်းတို့ကို အကာအကွယ်ပေးနေသော မြန်မာစစ်အုပ်စုအား မဖြစ်မနေ ပစ်မှတ်ထား အရေးယူရမည်ဟု နိုင်ငံတကာရေးရာ လေ့လာသူများက သုံးသပ်ကြသည်။