တမူး ပကဖ ရဲဘော် ၁၀ ဦး အသတ်ခံရမှု၊ အမှုမှန် မပေါ်ပေါက်မည်ကို မိသားစုများ စိုးရိမ်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်။
တမူး ပကဖ – ရဲဘော် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက် ပေးရန် မိသားစု ဝင်များနှင့် ဒေသခံများက ဆန္ဒထုတ် ဖော်တောင်းဆိုလိုက်သည်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲမှ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (တမူး-ပကဖ) မှ ရဲဘော် ၁၀ ဦး အသတ်ခံလိုက် ရခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး မေလ ၂၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်သူ တစ်ဦးက “အဓိကက အမှုမှန်ပေါ်ပေါက်အောင် လုပ်ပေးဖို့ပါ။ အခုက လူ ၁၀ ယောက် အသတ်ခံလိုက်ရတာကို ဒီတိုင်း ထိုင်စောင့်နေရတာမျိုး ဖြစ်နေတယ်။ NUG က ထုတ်ပြန်ထားတာလည်း တွေ့ ပါတယ်။ ကျနော်တို့ ဒေသထဲက လူကြီးတွေလည်း အားလုံးပေါ့နော် ဒီထက်ပိုပြီး အလုပ်လုပ်ပေးဖို့ တောင်းဆို ချင်ပါတယ်။ သိပ်မကြာခင် လူတွေက ဒီသတင်းကိုလည်း မေ့သွားကြတော့မှာ။ နောက်တစ်ခေါက် ထပ်ပြီး မဖြစ်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူးလေ” ဟု ပြောသည်။
အသတ်ခံလိုက်ရသည့် ရဲ ဘော်များ၏ ဓါတ်ပုံများကို ကိုင် ဆောင်၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် ဆန္ဒထုတ် ဖော်ကြသည်။
သေဆုံး ပကဖ ရဲဘော်များ၏ အလောင်းများအား မျက်မြင်တွေ့ရှိသူ တစ်ဦးက “ဒီလူတွေက တော်လှန်ရေး ရဲဘော်တွေဆိုတာ တံဆိပ်တွေ ဘာတွေ တွေ့တာနဲ့ သိသာနေတာပဲလေ။ အခုက ဒီလိုမျိုး လုံးဝမလုပ်သင့်ဘူး။ သူတို့ တော်တော်ရက်စက်တယ်၊ ရဲဘော်တွေ နှိပ်စက်ခံရပြီး သေတာ ရစရာကို မရှိဘူး။ ဘယ်သူ ဘယ်ဝါမှန်း တောင် မသိလောက်အောင် ဒဏ်ရာတွေနဲ့။ ခေါင်းတွေကိုလည်း အရိုက်ထားရတယ်၊ နှိပ်စက်ထားတာ တော် တော်ဆိုးတယ်” ဟု ပြောသည်။
မေလ ၁၄ ရက်နေ့ဝန်းကျင်က တမူးမြို့နယ်နှင့် ထိစပ်နေသည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီး တစ်နေရာတွင် တမူး ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ရဲဘော်များကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အိန္ဒိယ စစ်သားများသည် မြန်မာနယ်နိမိတ်အတွင်းရှိ တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို အိန္ဒိယ နယ်နိ မိတ်အတွင်း ဖမ်းခေါ်သွားပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တမူးခရိုင် – ပကဖအဖွဲ့ တာဝန်ရှိသူက သတင်းမီဒီယာများတွင် ဖြေကြားထားသည်။
အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား တမူးခရိုင် ရဲဘော် ၁၀ ဦး၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာဒဏ်ချက်များ အပါအဝင် နှိပ်စက်ညှင်းပမ်းထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း တမူးခရိုင် ပအဖအဖွဲ့ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
တမူး ပကဖ – ရဲဘော် ၁၀ ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းအရေးယူပေးရန် အိန္ဒိယအစိုးရကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။
တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ရဲဘော်များမှာ ယာယီ စခန်းရွှေ့ပြောင်းခြင်းနှင့် ပတ်သက်၍ သတင်း ကြိုပေးထားသည့် ကြားမှ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု NUG ဆိုသည်။
အိန္ဒိယအစိုးရအနဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန်နှင့် အပြစ်ပေးအရေးယူ ဖြေရှင်းပေးရန် NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုထားသည်။ သို့သော် ယနေ့အချိန်ထိ အိန္ဒိယဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်လာခြင်းမျိုး မရှိသေးပေ။
အိန္ဒိယနိုင်ငံဘက်က သတင်းဌာနများ၏ အဆိုအရ မေလ ၁၄ ရက်နေ့တွင် အိန္ဒိယ – မြန်မာနယ်စပ်၊ မဏိပူရပြည် နယ်၊ ချန်ဒဲလ် (Chandel) ခရိုင်၌ အာသံ ရိုင်ဖယ်တပ်နှင့် မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။
ချန်ဒဲလ်ခရိုင်ထဲက နယူးဆမ်တာကျေးရွာအနီး လက်နက်ကိုင်များ လှုပ်ရှားနေကြောင်း သတင်းအရ မေလ ၁၄ ရက်နေ့တွင် အာသံရိုင်ဖယ် စစ်တပ်က စစ်ဆင်ရေးလုပ်ရာ လူ ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း အိန္ဒိယစစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ သည်။
မြန်မာ – အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး ယာယီစခန်းပြောင်းရွှေ့ လာသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်များက မေလ ၁၆ ရက်နေ့တွင် အာသံရိုင်ဖယ်အဖွဲ့က ရုပ်အလောင်းများ လာယူရန် ပြောဆိုပြီးနောက် သွားထုတ်ယူခဲ့ကြခြင်း ဖြစ်သည်။