မော်လူး လေကြောင်းတိုက်ခိုက်မှု ပကဖ နှင့် KIA ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။
စစ်ကိုင်းတိုင်း မော်လူးမြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ရုံးကို လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးကို ဇန္နဝါရီလ ၂၁ ရက် ည ၁၁ နာရီခန့်က စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် KIA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၂ လုံးနှင့် နွားတစ်ကောင် လည်း သေဆုံးပျက်စီးခဲ့ရသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် မော်လူးဒေသခံတစ်ဦးက “တည်နေရာကို သိလို့ကို တိုက်ခိုက်တာပေါ့နော်။ ပြီးတော့ ရုံးကလည်း လမ်းဘေးမှာလည်း ရှိနေတာပဲလေ။ အဲ့ဒီနေရာက တည်နေရာ လည်း ပေါက်ထားပြီးသားနေရာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မာန်ဟဲကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ပဲခူးကျေးရွာမှ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးကို လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် ၁၂ တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့သေးသည်။
ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များ၏ ရုံးနှင့် စခန်းများကို လူနေကျေးရွာများအတွင်း ထားရှိခြင်းကြောင့် လေကြောင်း တိုက်ခိုက်ခံရသည့်အခါ အရပ်သားများ မကြာခဏ ထိခိုက်သေဆုံးနေရမှုအပေါ် ဒေသခံများ အကြား ဝေဖန်ထောက်ပြမှုများ မြင့်တက်လာလျက်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ရုံးနှင့် စခန်းများကို ကျေးရွာများနှင့် အနည်း ဆုံး ၃ မိုင်ခန့် အကွာတွင်သာ နေရာချသင့်သည်ဟု ဒေသခံများ ပြောသည်။
ဒေသခံတစ်ဦးက “ပဲခူးရွာနားက ၁၂ တန်း ကျောင်းသူလေး သေတုန်းကလည်း အမှတ်တကယ်တော့ အဲ့နားမှာ ပလဖရုံးရှိတာ။ အဲ့ဒီရုံးကို ကြဲတာ ဒါပေမဲ့ အဲ့ရုံးကိုမထိဘဲ အဲ့ကျောင်းသူလေးကို သွားထိတာပေါ့။ စစ်ရေး အရ ဆိုရင် ဂိတ်တွေ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ရုံးတွေကို စစ်ရေးအရ သတ်မှတ်ထားပြီးသား။ စစ်ဘက်ဆိုင်ရာက သတ် မှတ်ထားပြီးသား။ ဒါပေမဲ့ မလိုက်နာကြဘူး။ ရပ်ရွာနဲ့ အနည်းဆုံး ၃ မိုင်အကွာမှာ နေရမယ်ပေါ့နော်” ဟု ပြောသည်။
ပဲခူးကျေးရွာတွင် ကျောင်းသူတစ်ဦး သေဆုံးခဲ့ရပြီးနောက် ဒေသခံများက ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့သဖြင့် အဆိုပါ ပလဖရုံးကို ပြောင်းရွှေ့ပေးခဲ့ရသည်။
လက်ရှိတွင် စစ်ကိုင်းနှင့် ကချင်အစပ်ရှိ ကသာမြို့၌ မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။
အလားတူ ကောလင်းနှင့် ဝန်းသိုမြို့နယ်အစပ်တွင်လည်း စစ်ကြောင်းပတ်ထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ ပြီး၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ပကဖရုံး လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း ပကဖ အဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည်။