ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

ထိုင်းနိုင်ငံတစ်ဝန်းတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ စူရတ်ထာနီနှင့် ချင်းမိုင်မြို့တို့တွင် ဖမ်းဆီးအရေးယူမှုများ ပေါ်ပေါက်ခဲ့ပါသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ကော့ဖငန်းအပန်းဖြေကျွန်းပေါ်ရှိ နေရာပေါင်း ၂၅ ခုကို ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံသားအမည်ခံ (Nominee) ဖြင့် ဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် 

လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်သူများကို စစ်ဆေးတွေ့ရှိခဲ့သည်။

စားသောက်ဆိုင်၊ ဟိုတယ်နှင့် အရောင်းဆိုင်များကို စစ်ဆေးခဲ့ရာတွင် ကုမ္ပဏီ ၅ ခုနှင့် နိုင်ငံခြားသား ၃ ဦးကို အမှုဖွင့် အရေးယူခဲ့ပါသည်။ အရေးယူခံရသူ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ 

ချင်းမိုင်မြို့တွင်လည်း ပုဂ္ဂလိက ဘာသာစကားသင်ကျောင်းတစ်ကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့သလို၊ အခြားတစ်ဖက်တွင်လည်း နိုင်ငံခြားသားများကို ထိုင်းနိုင်ငံသားအဖြစ် အထောက်အထားအတု ပြုလုပ်ပေးသည့် အဂတိလိုက်စားမှုဖြစ်စဉ်တစ်ခုအပေါ် အရေးယူခဲ့သည်။ 

တရုတ်နိုင်ငံသားများကို အမြဲတမ်းနေထိုင်ခွင့် အထောက်အထားအတု ပြုလုပ်ပေးခဲ့သည့် အတွက် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး နှစ်ဦး အပါအဝင် ဝန်ထမ်း ၆ ဦးကို ကြာသပတေးနေ့က ဖမ်းဆီးအရေးယူလိုက်ပြီ ဖြစ်ပါသည်။