ပကဖ အမည်ခံ လိမ်လည်သူ ဖမ်းဆီးထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။ 

နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အမည်ခံ လိမ်လည် အလှူခံသူတစ်ဦး ကို ဖမ်းဆီးထားစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားသည်ဟု နီးစပ်သူများက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အမည်ကို အလွဲသုံး စားပြုကာ ကျပ်သိန်းပေါင်းများစွာ လိမ်လည်အလှူခံပြီး ခြိမ်းခြောက်ငွေတောင်းခံနေသူ အဖွဲ့ဝင်ငါးဦးထဲမှ တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျနော်တို့ ကျွန်းစုမြို့နယ် နယ်မြေခံ ပကဖ အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ကျပ်သိန်းပေါင်းများစွာ လိမ်လည် အလှူခံ ခြိမ်းခြောက်ငွေတောင်းနေတဲ့ အဖွဲ့ဝင်ငါးဦးထဲက တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းအား မိုင်းတွေးကျေးရွာနေ ဒေသခံတစ်ဦးထံမှ ကျွန်းစု-ပကဖ တာဝန်ခံနာမည်ကို သုံးပြီး ကျပ် ၂၇ သိန်း အား တောင်းယူခဲ့သည့် သတင်းရရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိသူသည် ပန်းဇင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် ပျူစောထီး ခေါင်းဆောင် ဦးတင်စိုးဆိုသူ၏ ညီတစ်ဝမ်းကွဲတော်စပ်သူ ဦးကျော်ဝင်းဆိုသူ ဖြစ်သည်ဟု ကျွန်းစုမြို့နယ် ပကဖ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပကဖ တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဦးကျော်ဝင်းသည် ဖမ်းဆီး စစ်ဆေးနေစဉ်အတွင်း လက်ထိပ်ချွတ်၍ ထွက်ပြေးခဲ့ရာ ရှော်တောမော်ကျေးရွာ အနီး၌ လိုက်လံဖမ်းဆီးရာမှ ပြန်လည်ခုခံမှုများ ရှိ၍ အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူ ဦးကျော်ဝင်းအား စစ်ဆေးရာတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက PDF/ပကဖ အမည်ခံပြီး ၎င်းအပါအဝင် စုစုပေါင်း ငါးဦးဖြင့် စုဖွဲ့ထားကြောင်း ထွက်ဆိုခဲ့သည်ဟု ကျွန်းစု-ပကဖ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးစစ်ဆေးတဲ့ အခါမှာ လွန်‌ခဲ့တဲ့၂ နှစ်လောက် ကတည်းက PDF၊ ပကဖ အမည်ခံပြီး စုစုပေါင်း ၅ ဦးနဲ့ စုဖွဲ့ထားတာ၊ ပန်းဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းလတ်ထံက ၂၅ သိန်း၊ မိုင်းတွေး ကျေးရွာမှ ၂၇ သိန်း ဖုန်းဆက်တောင်းတယ်၊ တခြားအုပ်ကြီးတွေကိုလည်း ခြိမ်းခြောက်တောင်းတာတွေ ရှိသေးတယ် ဟု ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းအဖွဲ့သည် ကဘင်ကျေးရွာအုပ်စုရှိ ဘဒ္ဒနဲကျေးရွာအုပ်စု၊ သဲဖြူကျွန်းတွင်လည်း ခြိမ်းခြောက်ငွေတောင်းခံ သဖြင့် ရွာသားများက Wave Pay ဖြင့် ကျပ် ၄၀ သိန်းကျော် ပေးဆောင်ခဲ့ရသေးကြောင်း ပေါ်ပေါက်ခဲ့သည်။ 

ထို့အပြင် မိုင်းတွေးကျေးရွာ ကျောင်းထိုင်ဆရာတော်ထံမှ ပင်လျှင် ကျပ်သိန်း ၃၀၀ ကို ခြိမ်းခြောက်တောင်းယူခဲ့ သေးကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

သဲဖြူကျွန်းကျေးရွာမှ ခြိမ်းခြောက်ငွေတောင်းခံမှု အပြီးတွင် ကျွန်းစု-ပကဖ အဖွဲ့မှ သတင်းရရှိခဲ့ပြီး၊ နောက်ထပ် ကျေးရွာများတွင် ထပ်မံခြိမ်းခြောက်ခြင်းမခံရအောင် အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

လိမ်လည်သူများက တနင်္သာရီမြို့နယ်-ပကဖ တာဝန်ခံ ဖိုးတက်တိုး ၏ နာမည်ကိုပင် အလွဲသုံးစားပြုပြီး ‘ဖိုးဆေးတံ’ ဟု အမည်ပြောင်ဖြင့် လိမ်လည်ခြိမ်းခြောက်ခဲ့သေးကြောင်းလည်း ပကဖ အဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ သည်။

လက်ရှိတွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဦးကျော်ဝင်းနှင့်အတူ လိမ်လည်မှုများတွင် ပါဝင် ပတ်သက်ခဲ့သည့် ကျန်လေးဦး၏ အမည်နှင့် နေရပ်လိပ်စာများကိုပါ သိရှိထားပြီးဖြစ်ကြောင်း အတည်ပြုပြောဆို သည်။