တနင်္သာရီတိုင်းအတွင်း တံတားငယ် တစ်စင်းကို စစ်ကော်မရှင် ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ ကျေးရွာချင်းဆက် တံတားငယ်တစ်စင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်ကော်မရှင်တပ်မှ တံတားဖျက်ဆီးမှု စုစုပေါင်း လေးစင်းအထိ ရှိလာခဲ့ပြီး၊ အဆိုပါ လုပ်ရပ်များသည် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုကို ပိတ်ဆို့ရန် စစ်ရေးဗျူဟာအရ ရည်ရွယ်ခြင်း ဖြစ်သည်ဟု စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဒေသခံအချို့က ပြောသည်။
အဆိုပါတံတားကို ဖြတ်သန်းသွားလာနေသည့် တောနား၊ ပေါက်တိုင်း၊ ဝမော်၊ ရှမ်းမတွင်း စသည့် ကျေးရွာများမှ ရွာသားများအတွက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လူမှုရေးကိစ္စရပ် များတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရဖွယ်ရှိကြောင်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။
အသက် ၅၀ ခန့်အရွယ် ဝမော်ရွာသားတစ်ဦးက “အရင်တစ်ကြိမ်ကလည်း ကွန်ကရစ်တံတားကို လာပြီးတော့ ဖျက်ဆီးသွားသေးတယ်။ အခုကတော့ ရွာသားတွေစုပြီး ပြန်ဆောက်ထားတဲ့ သစ်သားတံတားကို တမင်သက် သက် လာပြီး မီးရှို့ဖျက်ဆီးသွားတာပါ” ဟု ပြောသည်။
ထားဝယ်မြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် တောနားနှင့် ဝမော်ကျေးရွာအကြားရှိ ကျေးရွာချင်းဆက် တံတား ငယ်အား စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ဖြင့် စစ်ကြောင်းထိုးလာကာ ဒီဇင်ဘာလ ၆ ရက်နေ့တွင် နံနက် ၉ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဖျက်ဆီးခံရသည့် တံတားငယ်သည် ယခင်က ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့ သည့် မေလက စစ်ကော်မရှင်တပ်မှ မြေတူးစက် (ဘက်ဟိုး) ဖြင့် ဖြိုချဖျက်ဆီးခဲ့ ဖူးသည်ဟု ရွာသားများက ပြောသည်။
ဒေသခံများ စုပေါင်း၍ ပြန်လည်ဆောက်လုပ်ထားသည့် သစ်သားတံတားကို ယခုတစ်ကြိမ် ထပ်မံလာရောက် မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။
ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့အတွင်း စစ်ကော်မရှင်တပ်မှ တံတားဖျက်ဆီးမှုများ ဆက်တိုက် ပြုလုပ် နေကြောင်း တွေ့ရဟု ဒေသခံများက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “ဒီလို တံတားတွေကို ဆက်တိုက် ဖျက်ဆီးနေတာက ရှင်းပါတယ်။ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ PDF တို့၊ ဒေသခံတပ်ဖွဲ့တွေရဲ့ ရွှေ့ပြောင်းတာနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ၊ အထူးသဖြင့် စားနပ်ရိက္ခာ သယ်ယူ ပို့ဆောင်ရေးကိုပါ တမင်သက်သက် ဖြတ်တောက် ပိတ်ဆို့ဖို့ ဗျူဟာကျကျ ရည်ရွယ်လုပ်နေတာမျိုးပေါ့ဗျာနော်” ဟု ပြောသည်။
ဒီဇင်ဘာလ ပထမပတ်အတွင်းမှာပင် ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့အတွင်းရှိ ကျေးရွာချင်းဆက် တံတား များကို စစ်ကော်မရှင်တပ်မှ ဖျက်ဆီးခဲ့သည့် စုစုပေါင်းအရေအတွက်မှာ ယခုတံတားအပါအဝင် လေးစင်းအထိ ရှိနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များအရ သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ကျေးရွာချင်းဆက် တံတားသုံးစင်းကို ဘက်ဟိုးဖြင့် တူးဖြို ဖျက်ဆီးခဲ့သေးသည် ဟု ရွာသားများက ပြောသည်။
ယခုကဲ့သို့ တံတားများကို ဆက်တိုက်ဖျက်ဆီးခြင်းသည် စစ်ကော်မရှင်တပ်၏ နယ်မြေထိန်းချုပ်မှု တိုးမြှင့်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ချက်များကြောင့် ဖြစ်ကြောင်း ဒေသခံစစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။