လူသတ်ခဲ့သူက PDF ထံ ဆက်သွယ်၍ အဖမ်းခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ထွက်ပြေးသွားသည့် တရားခံဖြစ်သူက ၎င်း၏မိသားစုမှ တစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ ဆက်သွယ်၍ အဖမ်းခံခဲ့သည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခန့်က လောင်းလုံးမြို့နယ်၊ ဝံတွင်းကျေးရွာတွင် နေထိုင်သူ အသက် (၆၀) အရွယ် ဦးနိုင်ဝင်းအား ဦးစိုးပိုင် ဆိုသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

ပြစ်မှုကျူးလွန်သူ ဦးစိုးပိုင်သည် အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပင် မိသားစုထံ ဖုန်းဆက်သွယ်ကာ အဖမ်းခံလိုကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

၎င်း၏ မိသားစုဝင်တစ်ဦးက သူက ဖုန်းဆက်ပြီး သေသွားတဲ့သူ မီးသင်္ဂြိုဟ်ပြီးရင် အဖမ်းခံမယ်လို့ ပြောတယ်။ မိသားစုဝင်တွေက အချိန်မဆွဲနဲ့၊ ထွက်ပြေးနေသလို ဖြစ်နေလိမ့်မယ်လို့ ပြန်ပြောတော့မှ သူ့ကိုလာဖမ်းပါဆိုပြီး တောင်းဆိုတာ။ ဒါကြောင့် ၂၄ နာရီမပြည့်ခင်မှာပဲ PDF အဖွဲ့က သွားဖမ်းတာပါ။ ဦးစိုးပိုင်ကိုယ်တိုင် သေနတ်နဲ့ ကျည်ဆံတွေအပ်ပြီး အဖမ်းခံတာပါ ဟု အတည်ပြု ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့အနီးရှိ ကျေးရွာတစ်ရွာ၌ PDF အဖွဲ့က ဦးစိုးပိုင်အား သွား ရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အာဏာမသိမ်းမီကတည်းက ပစ္စတိုသေနတ် ကိုင်ဆောင်လေ့ရှိသူ ဖြစ်ကာ ထိုလက်နက်ဖြင့်ပင် ပစ်သတ်ခဲ့ကြောင်း ဝန်ခံထားသည်။

ဒေသခံသတင်းရင်းမြစ်တစ်ခုက အခုလို ဖြစ်စဉ်မျိုးက ရှားပါတယ်။ များသောအားဖြင့် လူသတ်ပြီးရင် စစ်တပ်ဘက်ကို ပြေးဝင်တာ ဒါမှမဟုတ် ပုန်းနေတာမျိုးပဲ ရှိတာ။ အခုက တရားဥပဒေစိုးမိုးရေးအတွက် တော်လှန်ရေးအဖွဲ့တွေဆီ ယုံယုံကြည်ကြည်နဲ့ အဖမ်းခံတာဆိုတော့ ထူးခြားတယ်လို့ ပြောရမှာပေါ့ ဟု ပြော သည်။

လက်ရှိတွင် ဦးစိုးပိုင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကနဦး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ လောင်းလုံး မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ထံသို့ လွှဲပြောင်းကာ တရားဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။