သိမ်းဆည်းနယ်မြေ အချို့ လက်လွှတ်နေရကြောင်း NUG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။ 

စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေ အချို့ကို ပြန်လည် လက်လွှတ်နေရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဝန်ခံပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုကို မေလ ၅ ရက်နေ့ (ယနေ့)တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်  PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းတွင် NUG တာဝန်ရှိသူများက ပြောဆိုလိုက် ခြင်းဖြစ်သည်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလက “ကျနော်တို့အနေနဲ့ လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ နိုင်ငံရေး စိန်ခေါ်ချက်တွေ အမြောက်အများရှိနေသလို စစ်ရေးအရ လက်လွတ်ဆုံးရှုံးရမှုတစ်ချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့သ ဘောဟာ အနိမ့်အမြင့် အတက်အကျတွေ ရှိတတ်သလို ရှေ့ နှစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်းပြောကြားလိုပါတယ်။ဟု ပြောသည်။ 

တရုတ်၏ ကြားဝင် ဆောင်ရွက်မှုကြောင့် ရှမ်းမြောက်ဒေသရှိ တော်လှန်ရေး တပ်ဖွဲ့များ သိမ်းဆည်းထားသော မြို့ အချို့ကို လက်လွှတ်ခဲ့ရသည်။ ယင်းတို့တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့ပါဝင်သည်။ 

ထို့အပြင် မကြာသေးမီက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာနှင့် တကောင်းနယ်မြေများ၊ မိုးကုတ်နှင့်မိုးမိတ်မြို့များ၊ နှင့် စစ်ကိုင်းတိုင်း အတွင်း ထီးချိုင့်၊ ဗန်းမောက်၊ ကသာ၊ အင်းတော်၊ မော်လူး စသည့် မြို့များကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ 

နယ်မြေအချို့ကို လက်လွတ်ထားရသော်လည်း လက်ရှိ အနေအထားအရ မြေပြင်ပကတိအခြေအနေကို လျစ်လျူရှု့၍ မရသကဲ့သို့ အားလုံးမျှော်မှန်းသည့် တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်ကိုလည်း မျက်ခြေပျက် ၍ မရကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆိုသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း ထိန်းချုပ်နယ်မြေများမှ ယာယီဆုတ်ခွာခြင်းသည် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုကို ရှောင်ရှားရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပြောသည်။

မန်းဝင်းခိုင်သန်းကကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိနေတဲ့ ကြားကပဲ အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ အတွက် အလေးထား စဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင် အမှန်တရားတွေ ရှိခဲ့ပါတယ်။ဟု ပြောသည်။

သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများမှ ယာယီ ဆုတ်ခွာလိုက်ခြင်းသည် ရန်သူကို ကြောက်၍ မဟုတ်ဘဲ ရှေ့ဆက် ရမည့် ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်ခြင်းဖြစ်သည်ဟု မန်းဝင်းခိုင်သန်း က ဆိုသည်။

နယ်မြေဆုတ်ခွာမှုများနှင့် အခက်အခဲ အချို့ရှိသော်လည်း တော်လှန်ရေး အောင်မြင်သည့်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်ကလည်း ပြောသည်။

လက်ရှိ အခြေအနေမှာ ငါတို့ သိမ်းပိုက်ထားတဲ့ မြို့တချို့ ယာယီစွန့်ခွာရမှု အပါအဝင် အခက်အခဲတချို့ရှိပေမဲ့ ငါတို့အားလုံးရဲ့ ခိုင်မာတဲ သံဋိဌာန်၊ ပြင်းပြတဲ့ ယုံကြည်ချက်၊ ထက်မြက်တဲ့ ညာဏ်ပညာနဲ့ ရင့်သန်တဲ့ စိတ်ခွန်အားကို အရင်းတည်ပြီး လက်တလောအခြေအနေကို အတူတကွ ရင်ဆိုင်ကျော်လွှားကြရမယ်။တော်လှန်ရေး ပန်းတိုင် မရောက်မချင်း စိတ်ဇွဲမလျှော့စတမ်း ဆက်လက်ချီတက်တိုက်ပွဲဝင်သွားကြရမယ်

NUG  အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို PDF  ဖွဲ့စည်းတည်ထောင်ပြီး ၅ နှစ်တာ ကာလအတွင်းတွင် တိုင်းရင်း သား လက်နက်ကိုင် မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားများကိုလည်း ခိုင်ခိုင်မာမာ တည်ဆောက်နိုင် ခဲ့ကြသည်။

သို့သော် စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်းများအတွင်း သပ်သျှိုသွေးခွဲမှုများနှင့် အိမ်နီးချင်းနိုင်ငံအချို့၏  အဖက်ဖက်မှ ပံ့ပိုးကူညီမှုများကို ရယူကာ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှ NUG နှင့် မဟာမိတ်ပူးပေါင်းတပ်များက နယ်မြေအချို့ကို ပြန်လည် လက်လွှတ်ခဲ့ ရခြင်းဖြစ်သည်။