နိုင်ကျဉ်းများ ပိုမို ဖိနှိပ်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းဦးစီးဌာနမှ အာဏာပိုင်များသည် နိုင်ငံရေး အကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖာက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် PPNM တာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသူ/သား များအပေါ် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ထောင် အာဏာပိုင်များက ပြုမှုဆက်ဆံသည့် ပုံစံများနှင့် ပတ်သက်၍ PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ပြောသည်။
“ဖမ်းဆီးခံရပြီ ဆိုကတည်းက အခြေခံ အကျဆုံးသော လူ့အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်တွေ ပျောက် ဆုံးတယ်။ ၂၀၂၁ နှစ်ဝက် နောက်ပိုင်းမှာတော့ ဖမ်းဆီးခံရတဲ့ သူတွေက အကျဉ်းထောင်ထဲ ရောက်သည့် တိုင် အောင် အချိန်မရွေး ခေါ်ထုတ် သတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတယ်။”
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းသည့် အချိန်တွင်လည်း သတ်ဖြတ်ခံရသည့် အခြေအနေ များလည်း ရှိသည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
“၂၀၂၃ ထဲမှာ ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်တွင်းကနေမှ လာခေါ်ထုတ်ပြီးမှ စစ်ကြောရေး စခန်း တွေမှာ သတ်ပစ်တာမျိုး ထောင်ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်နေရာမှာ လက်စ ဖျောက် လိုက်တာမျိုး ရင်ဆိုင်ခဲ့ရတယ်။”
နိုင်ငံရေး အကျဉ်းသား/သူများသည် ဖမ်းဆီးခံရသည့် အချိန်တွင် လက်ထိပ်များဖြင့် အချိန်ကြာမြင့်စွာ ခတ်ထား ခံရခြင်း၊ ဖမ်းဆီးဝရမ်းမပါဘဲ ဖမ်းဆီးခံရခြင်း၊ စစ်ကြောရေးတွင် လူသားမဆန်သည့် စစ်ကြောမှုများ ခံရခြင်း၊ စစ်ကြောရေးအတွင်း အသက်ရှင်သန်ပိုင်ခွင့် လူ့အခွင့်အရေး အာမခံချက် ဆုံးရှုံးခြင်းများအပြင် လက်စ ဖျောက် သတ်ဖြတ်ခြင်းများကို ခံရသည့် နိုင်ငံရေး အကျဉ်းသား/သူလည်း အများအပြား ရှိနေသည်ဟု PPNM တာဝန်ရှိ သူက ဆိုသည်။
ရှေ့တန်း စစ်မျက်နှာပြင်တွင် စစ်ရှုံးနိမ့်လာသည့် စစ်ကောင်စီတပ်သည် အကျဉ်းထောင်အား ရှေ့တန်း စစ်မြေ ပြင်ကဲ့သို့ သဘောထားပြီး ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသူ/သားများအား ၎င်းတို့၏ ရန်သူကဲ့သို့ လည်း ကောင်း၊ ၎င်းတို့အား ဆန့်ကျင်သည့် တော်လှန်ရေးတပ်များနှင့် ပတ်သက်ဆက်နွယ်နေသူများ အဖြစ် သဘော ထားခြင်း စသည့် ယူဆချက်များကြောင့် ဖိနှိပ်ညှင်းပန်း နှိပ်စက်မှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု PPNM က ဆိုသည်။
ထို့အပြင် အကျဉ်းထောင် အတွင်းတွင် အသက်ရှင်သန်ပိုင်ခွင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အပြင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ နေထိုင် စားသောက်ရေး ခက်ခဲခြင်း၊ သောက်သုံးရေ ရှားပါး မှုနှင့် ချိုးရေပြဿနားများကိုလည်း အကျဉ်သား/သူများက ခံစား ကြုံတွေ့နေကြရသည်ဟု PPNM တာဝန်ရှိသူ က ဆိုသည်။
ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်း၊ အကျဉ်းထောင်ထဲမှ ဥပဒေမဲ့ ခေါ်ထုတ် သတ် ဖြတ်ခြင်းများကြောင့် လွန်ခဲ့သောနှစ်က နိုင်ငံရေး အကျဉ်းသူ/သားပေါင်း အနည်းဆုံး ၃၆ ဦး ကျဆုံးခဲ့ရသည် ဟု ကိုသိုက်ထွန်းဦး က ပြောသည်။
ထို့အတူ နိုင်ငံရေး အကျဉ်းသား မှတ်တမ်းရုပ်ရှင် ဖန်းတီးသူ ကိုဖေမောင်စိမ်းကိုလည်း စစ်ကောင်စီက အချိန်မှီ ဆေးကုသခွင့် မပေးသောကြောင့် စစ်ကြောရေးတွင် ရရှိခဲ့သည့် နံရိုးကျိုး ဒဏ်ရာဖြင့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။
ထို့ကြောင့် လက်ရှိ အချိန်အထိ အကျဉ်းထောင်များတွင် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ မရ သဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးရှိသည်ဟု PPNM က ဆိုသည်။
ဓါတ်ပုံ – Myanmar Now