နာဂဒေသတွင်း စစ်အာဏာသိမ်းပြီးနောက် ငှက်ဖျားရောဂါဖြစ်ပွားမှု တိုးလာနေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
အမီးလေး ရေးသည်…..
နေပြည်တော်မှာ စစ်အာဏာသိမ်းတာဟာ မြန်မာနိုင်ငံအနှံ့အပြားကို လက်နက်ကိုင်ပဋိပက္ခကို တွန်းပို့လိုက် ပေမယ့် ကင်းလွတ်နေခဲ့တာကတော့ နာဂဒေသပါပဲ။ ဒါပေမဲ့ ငှက်ဖျားကိုတော့ မလွတ်နိုင်ခဲ့ပါဘူး။
ငှက်ဖျားလို့ပြောရင် ရာသီဥတုနဲ့ ရေကြောင့်လို့ အစဉ်အလာအထင်မှားနေခဲ့ကြတဲ့ နာဂဒေသမှာ အခုနှစ်အတွင်း ငှက်ဖျားဖြစ်နှုန်းသိသိသာသာ တိုးမြင့်လာခဲ့သလို အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လဟယ်၊ လေရှီးနဲ့ နန်းယွန်းမြို့နယ်တို့ ပါဝင် ပြီး အဲဒီထဲက လဟယ်မြို့နယ်နဲ့ လေရှီးမြို့နယ်တွေက ငှက်ဖျားဖြစ်ပွားမှုဟာ ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေး ဝန်ထမ်းရှားပါးမှုနဲ့ ဆေးခြင်ထောင်ထောက်ပံ့ ပေးနိုင်တာ မရှိတာတွေကြောင့် အခြေအနေကို ပိုဆိုးစေပါတယ်။
နာဂဒေသက လူငယ်အများစုဟာ ခန္တီးမြို့နယ်မှာရှိတဲ့ ရွှေမှော်နဲ့ ကျောက်စိမ်းမှော်တွေမှာ အလုပ်သွားလုပ် တတ်ကြပါတယ်။ အများစုသွားကြတဲ့ရွှေမှော်နဲ့ ကျောက်စိမ်းမှော်တွေကတော့ ခန္တီးမြို့နယ်က နမ်စီပွန်ကျောက် စိမ်းမှော်၊ဝမ်ပဘာ-တိုက်တီး ရွှေမှော်တို့ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက အသက်သွင်းလိုက်တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရမှာစိုးရိမ်ရတာကနေ အလုပ်တွေကိုစွန့်ပြီး အိမ်ပြန် ခဲ့ကြပါတယ်။ မှော်တွေကနေ ပြန်လာကြတဲ့ သူတွေဟာ လောပန်း မဖြစ်ခဲ့ကြပေမဲ့ ငှက်ဖျားပိုးရသူတွေ တော့ ရလာခဲ့ကြပါတယ်။
“အဲဒီရွာမှာရှိတဲ့ခြင်တွေက ငှက်ဖျားရှိတဲ့သူကိုကိုက်ပြီးတော့ နောက်တယောက်ကိုပြန်ကိုက်လိုက်တယ်ပေါ့၊ ခြင်ကနေတဆင့် ငှက်ဖျားက ပြန့်ပွားသွားတယ်၊ အဲခါကျတော့ အရင်ကမရှိတဲ့ဟာ အခုပိုပြီး ငှက်ဖျား တွေက တိုးလာတာပေါ့ကွာ” လို့ နာဂဒေသမှာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
လဟယ်မြို့နယ်မှာရှိတဲ့ ဝုထကျေးရွာမှာဆိုရင် ဝုထကျေးရွာမှာ အနည်းဆုံးတအိမ်တယောက် ငှက်ဖျားကူး ဆက်ခံနေရသလို တချို့မိသားစုလိုက်တောင် ဖျားနာတဲ့အထိဖြစ်ပါတယ်။
ဒါပေမဲ့ဒေသခံအများစုကတော့ သောက်သုံးရေမသန့်တာတွေသောက်လို့ဖြစ်ရတယ်လို့ အထင်မှားကြပါတယ်။ မေလအတွင်းက ကမ်းပါးပြိုမှုတွေဖြစ်ပွားခဲ့တာကနေ သောက်သုံးရေတွေဟာ သစ်ရွက်၊ သစ်ကိုင်းတွေပါ ရော ထွေးပြီး အရွက်ပုတ်နံ့တွေနံတဲ့အထိဖြစ်ခဲ့ပါတယ်။
လဟယ်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဒေသခံတွေဟာ ပြည်သူ့ဆေးရုံကို ဆေးကုသွားမယ်ဆိုရင် ဆိုင်ကယ် ကယ်ရီခ ၄၀၀,၀၀၀ ကျပ်အထိ ပေးရတတ်ပါတယ် ။ ဒါတောင်မှ စစ်မှုထမ်းဥပဒေကြောက်လို့ ကယ်ရီဆွဲသူ လွယ်ကူစွာမရနိုင်ပါဘူး။
နန်းယွန်းမြို့နယ်မှာရှိတဲ့ တကားကျေးရွာအုပ်စုနဲ့ ဒုံဟီးမြို့အတွင်းက ကျေးရွာတွေမှာ ငှက်ဖျားအဖြစ် များနေပါတယ်။
“ဒီမိုးတွင်းလည်းရောက်ရော ဒီနှစ်ထဲမှာ ဒေတာ (ငှက်ဖျားဖြစ်သူ) ကတော်တော်တက်လာတာပေါ့။ ဒီတကား ကွင်းက၊ ဒီဒုံဟီးကွင်းက အရင်တုန်းကတော့ ငှက်ဖျားကတော်ရုံနဲ့မတွေ့ဘူး။ ဒီနှစ်ထဲမှာပဲ တရွာထဲမှာ ၁၁ ယောက်ပေါ်တယ်ဆိုတော့တော်တော်များသွားပြီ။ ကျန်တဲ့ရွာဆိုလို့ရှိရင် တယောက်စ၊ နှစ်ယောက်စပေါ် နေတာ ပေါ့။” လို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေသူက ဆိုပါတယ်။
“ဆေးရုံမှာ ဆရာ၊ ဆရာမ မရှိတဲ့အခါကျတော့ ဒီတိုင်းပဲ ရွာထဲမှာပဲ နေလိုက်တယ်၊ ဘယ်လိုဖြစ်ဖြစ်ကွာဆိုပြီး သေမှသေ၊ ဒီတိုင်းပဲ။ အဓိကတော့ ကျန်းမာရေးဗဟုသုတလည်းနည်းတယ်လို့ပြောရမှာပေါ့။” လို့ သူက ဆက်ပြောပါတယ်။
ကျေးရွာအုပ်စုပေါင်း ၅၉ ရွာရှိတဲ့ နန်းယွန်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျန်းမာရေးဝန်ထမ်း ရှိတဲ့ ကျေးရွာက ဒါဇင်ဝက်လောက်ပဲရှိပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ၄၃၁၃ ပေ မှာတည်ရှိတဲ့ နာဂဒေသဟာ မိုးများပြီး နွေရာသီမရှိခဲ့ပေမယ့် အခုတော့ ရာသီဥတု ပြောင်းလဲလာမှုကလည်း အပူပိုင်းမှာသာ ရှင်သန်နိုင်တဲ့ ငှက်ဖျားခြင်ဟာ နာဂဒေမှာ ပေါက်ဖွားဖို့ဖြစ်လာစေပါတော့တယ်။
နာဂဒေသမှာရှိတဲ့ ကျေးရွာအများစုဟာ ပတ္ကိုင်တောင်တန်းကြီး ပေါ်တည်ရှိသလို တရွာနဲ့တရွာဟာ လှမ်းမြင် နိုင်ပါတယ်။အဓိကအလုပ်အကိုင်အနေနဲ့ တောင်ယာကိုသာ လုပ်ကိုင်ကြတာကြောင့် တောင်ယာခင်းတွေက လည်း ထိစပ်နေကြပြန်ပါတယ်။
ဒါကြောင့် တောင်ယာအခင်းသွားရင်း၊တခြားကျေးရွာကို သွားရင်း ပိုးရှိတဲ့သူကိုကိုက်လိုက်တဲ့ ခြင် ကနေ တဆင့် တရွာပြီးတရွာ ကူးဆက်နေကြပါတယ်။ ခြင်တကောင်ဟာသုံးမိုင်အထိပျံသန်းနိုင်ပါတယ်။
ဒီလိုကူးဆက်ခံနေရပေမယ့် ကုသဖို့ ဆေးဝါးကလည်း ရှားပါတယ်။
လဟယ်အတွက် ဆေးပစ္စည်းတွေကို ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့ကနေ အဓိကဝယ်ယူရတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အကန့်အသတ်နဲ့သာ ဝယ်ယူခွင့်ပေးပါတယ်။
“ဆေးနဲ့ပတ်သတ်ရင်ပြည်တွင်းကမငြိမ်မသက်ဖြစ်တဲ့အခါကျတော့ ဟိုလက်ထဲရောက်မှာ၊ ဒီလက်ထဲရောက်မှာ ပုံစံမျိုးတွေနဲ့ တင်းကျပ်မှုတွေများလာတာပေါ့။ နောက်တခုက ဆေးဝယ်လေ့ရှိတဲ့ ဆေးတွေကအများကြီး မရောင်းပေးဘူး” လို့ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသတပ်တွေအကြား တိုက်ပွဲများဖြစ်ပွားနေတာကိုအကြောင်းပြုပြီး ဆေးဝါးတွေ တော်လှန် ရေးတပ်တွေဆီ မရောက်သွားအောင် ဆေးဝါးသယ်ယူပို့ဆောင်မှုကို ကန့်သတ်တာ စစ်ကောင်စီကလုပ်တာကို ရည်ညွန်းပြောဆိုသွားတာဖြစ်ပါတယ်။
လဟယ်မြို့နဲ့ နန်းယွန်းမြို့ တို့ရဲ့ ပြည်သူ့ဆေးရုံတွေမှာဆိုရင် မကြာခဏ ဆေးဝါးပြတ်တောက်မှုဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် နာဂဒေသအတွက် ခွဲတမ်းရတဲ့ ဆေးဝါးတွေဟာ အရင်က ရတာထက်ပို နည်းပါး သွားတယ်။
ဒ့ါအပြင် တိုက်ပွဲတွေဖြစ်လာပြီးတဲ့နောက် ခန္တီးမြို့နယ်နဲ့ နာဂဒေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်းနဲ့ ရေလမ်း တွေဟာ နှောင့်နှေးမှုဖြစ်သလို စစ်ဆေးရေးဂိတ်တွေဟာလည်း ထူထပ်လာပါတယ်။
နာဂဒေသဟာ ကုန်းပစ္စည်းအများစုကို ခန္တီးမြို့က ဝယ်ယူကြရပြီး ခန္တီးမြို့နယ် – မုံရွာကို ဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ရေလမ်းကြောင်းဟာ မကြာခဏဆိုသလို တိုက်ပွဲကြောင့် ပိတ်ထားတတ်ပါတယ်။
“ဆေးရုံမှာမရှိတဲ့ဆေးတွေကို အပြင်မှာဝယ်ရတယ်။ ဆေးအများဆုံးကတော့ အပြင်မှာဝယ်ရတယ်။ တခါတလေ အပြင်ဆေးခန်းတွေမှာလည်း ဆေးမရှိဘူး။ တခါတလေ ခေါင်းမူးအောင်ရှာရတယ်။ ကျွန် တော်လည်း ဟိုနေ့က သမီး ဆေးရုံတက်လိုက်ရတော့ ဆေးတမြို့လုံးရှာလိုက်ရတယ်။ အတော် လေးရှာရ ခက်သွားတယ်။ နောက်ဆုံးမှာမှ ဆိုင်တဆိုင်မှာသွားတွေ့တယ်” လို့ လဟယ်မြို့ခံတဦးက ပြောပါတယ်။
ခြင် ရဲ့ ရန်ကို ကာကွယ်ဖို့အဓိကကျတဲ့ ခြင်ထောင်အသုံးပြုဖို့ကို ဒေသခံအများစုဟာ မလုပ်နိုင်ကြပါဘူး။ လဟယ်မြို့နယ်မှာ ရိုးရိုး ခြင်ထောင်တစ်လုံးကို ၄၅၀၀၀ ကျပ်ထိ စျေးပေါက်ပါတယ်။
“လောလောဆယ် ဆေးဝါးပစ္စည်းတွေလည်း အလုံအလောက်မထောက်ပံ့နိုင်ဘူးဆိုလို့ရှိရင် ကျန်းမာ ရေးအသိပညာပေးဝင်ရမယ်။ အလွယ်ဆုံးနည်းလမ်းကတော့ ခြင်ထောင်တွေပေါ့ အလွယ်ဆုံးနည်းပေါ့ ထောက်ပံ့ပေးဖို့ လိုမယ်။” လို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးလုပ်နေသူက အကြံပြုပါတယ်။
ဒေသခံတဦးကလည်း “မိသားစုခြင်ထောင်လောက်ပဲသုံးကြတယ်။ မဝယ်နိုင်တာ။ မိသားစုတစုမှာ ခြင်ထောင်တခုပဲရှိတယ်” လို့ ပြောပါတယ်။
နာဂဒေသအတွက် ငှက်ဖျားခြင် နိုင်နင်းဖို့ကတော့ အလှမ်းဝေးနေပါသေးတယ်။