ခင်ဦးတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဩဂုတ်လ နောက်ဆုံး ၂ ပတ်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်။
ထိုသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူ တစ်သောင်းကျော်လည်း ဘေးလွှတ် ရာကို ထွက်ပြေးနေကြရသည်ဟု ရေဦးမြို့နယ်အခြေစိုက် Pepole Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က ပြောသည်။
ကိုထူးခန့်ဇော်က “အကုန်လုံးက ဒီနေ့အထိ အတူတူတိမ်းရှောင်နေကြတယ်၊စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၁ ယောက် သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရထားသူ ၁၅ ယောက်ထက် မနည်းရှိထားတယ်” ဟု ပြောသည်။
တိုက်ခိုက်ခံရသည့် ခင်ဦးမြို့နယ်မှာ ကျေးရွာများမှာ မဒေါင်းကြီး၊ ရွှေကာ၊ သေနပ်စိန်၊ ရှားတော၊ စည်ပုတ္တရာ၊ မုံလှ၊ ဗအိုးနှင့် ငါးရုံကြီးကျေးရွာ စသည့် ကျေးရွာများပါဝင်ပြီး ကျေးရွာစုစုပေါင်း ၁၅ ရွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကိုထူးခန့်ဇော် က ပြောသည်။
ဩဂုတ်လ ၁၇ ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့များက ထင်းရှားသည့် ပျူစောထီးခေါင်းဆောင် သင်္ကန်ဝတ် ဝါသဝ၏ လက်အောက်ခံ ပျူရွာဖြစ်သည့် မဒေါင်းလှကျေးရွာအား တိုက်ခိုက်ခဲ့ခြင်းကြောင့် ဩဂုတ်လ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ယခုကဲ့သို့ ဗုံးကြဲနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ခင်ဦးမြို့နယ်ထဲက ဒေသခံပြည်သူ တစ်သောင်းကျော်မှာ စစ်ကောင်စီတပ်၏ လေကြောင် းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသခံ ၃ ဦး ထိခိုက်သေဆုံးသွားကြောင်း စစ်ကိုင်းဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေ က အတည်ပြုပြောသည်။
ကိုစိုးဝင်းဆွေက “မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ သူတွေကော ရှိတယ်လို့ သိရတယ်။ ဒေသ ခံပြည်သူ ရှစ်ထောင်နဲ့ တစ်သောင်းဝန်းကျင်ကြားမှာ စစ်ဘေးရှောင်နေရတာမျိုး ကြားထားတာရှိတယ်။ အဲဒီ ဘက်မှာတော့ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်နေတယ်လို့တော့ ကြားတယ်ဗျ။ စစ်ရေးပစ်မှတ် မ ဟုတ်တဲ့ ပြည်သူတွေကို တိုက်ခိုက်တာကတော့ ပြောစရမလိုဘူးပေါ့။ နေရာတိုင်းမှာ အရပ်သားပြည်သူ တည့် တည့်ကိုပဲ တိုက်ခိုက်နေတာပဲလေ” ဟု ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် ရိက္ခာအကူအညီများ အဓိက လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။