လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မော်ချီးဒေသခံများ အခက်ကြုံနေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကရင်နီပြည်၊ မော်ချီးဒေသက ပြည်သူများ အခက်ကြုံနေကြရသည်။

အာဏာသိမ်းကာလ အတွင်း ကရင်နီပြည်နယ်ရှိ လူဦရေး ရာခိုင်နှုန်း တော်တော်များများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးသည့် ဒေသများထဲတွင် မော်ချီး ဒေသထဲက ခဲသတ္တုတွင်းများသည် အဓိကနေရာမှ ပါဝင်နေပါသည်။

ယခင်နှစ်များကဲ့သို့ပင် ယခုနှစ် မိုးရာသီကာလ၌ ခက်ခဲလှသည့် လမ်းခရီးကြောင့် ကုန်သွယ်ရေး ခက်ခဲပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်သည့်အပြင် အခြားသော လူမှုရေး အခက်အခဲများပါ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသား တစ်ဦးက “ဘယ်လိုပြောရမလဲ အဓိက ကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးရဲ့ အခြေ ခံက လမ်းပန်းဆက်သွယ်ရေးကနေပဲ စတာပေါ့နော်။ ဘာလို့ဆို ဒီမော်ချီးက အဓိက အားထားရတာက ၁၄ ဖက် (ဟိုစဲ့ရွာ၊ မယ်စဲ့မြို့နယ်)နဲ့ ပဆေးလာ (ဒီးမော့ဆို အနောက်ဖက်ခြမ်း) တွေက အဓိက ကုန်သွယ်တဲ့ ဖက်ပေါ့နော်။ တောင်ငူ ဖက်ကျတော့ တစ်ချို့ ကယ်ရီနဲ့လည်း လုပ်ပါတယ်။ ဒီကုန်သွယ်ရေး စနစ်မှာပေါ့။ ဒါပေမယ့် အခု ဒီ မိုးရာသီရောက်တဲ့ အခါကျတော့ ဒီ တောင်ငူဖက်လည်း ဆိုင်ကယ် ကယ်ရီသမားက တက် လာ ဖို့လည်း အဆင်မပြေဘူး။ နောက်ပြီး ပဆေးလာဖက်လည်း ဒီလိုပဲ လမ်းဆိုးပြီဆိုရင် ဒီတစ်ရက်တည်းနဲ့ ရောက် မယ့် ခရီးကို တစ်ပတ်လောက် ကြာရင် ကြာသွားတယ်။ တစ်ချို့ဆို နှစ်ပတ် အဲ့မျိုးပေါ့နော်” ဟု ပြောသည်။

၎င်းဒေသခံ အမျိုးသားသည် ကုန်များကို သယ်ယူပို့ဆောင်ရုံ သာမက ကိုယ်တိုင်လည်း မော်ချီး၌ ဈေးရောင်းချ နေသူ တစ်ဦး ဖြစ်သည်။ 

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိဖြစ်နေသော ကုန်ဈေးနှုန်း အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆက်ပြောသည်။

“ကုန်ဈေးနှုန်းက တက်သွားတာပေါ့နော်။ အခုဆို ကြက်ဥက ၄ လုံးကို ၅ ထောင်၊ ခရမ်းချဉ်သီးတို့ ဘာတို့ဆို တစ်ပိဿာ တစ်သောင်းခွဲ ဒီလိုတွေပေါ့နော်။ ဒါက အသေးအမွှားတွေကနေ ပြောပြတာပေါ့။ ဒီ ကြက်သွန်တို့ ဘာတို့ဆို တစ်သောင်းကျော် (၁ပိဿာ) ဖြစ်ကုန်တယ်ပေါ့။” 

ယခုဖြစ်ပေါ်နေသည့် ထိုင်းဘတ်ငွေ လဲလှယ်နှုန်းများကြောင့်လည်း အမှတ် ၁၃၊ ၁၄ နယ်စပ်ဂိတ်များမှ ဝင်လာ သည့် ကုန်များကို မြန်မာကျပ်ငွေဖြင့် သွားရောက်ဝယ်ယူရာတွင်လည်း ငွေကြေးတန်ဖိုး အဆမတန် ကွာဟမှု ကြောင့် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်ဈေးနှုန်းများ တက်နေသော်လည်း ‘ခဲ’ ဈေး၏ တန်ဖိုးမှာ ထင်သလောက် မြင့်တက်ခြင်းမရှိပေ။ 

သို့သော် ခဲကျင်းတွင်သုံးသည့် ကျင်းသုံး ပစ္စည်းများမှာမူ ဈေးတက်သွားသည်ဟု ခဲတူးဖော်ရေး လုပ်ကိုင်သူများ က ပြောသည်။

ထို့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်သည့် နေရာများကို သွားရောက်ဆေးကုသရန်နှင့် ဒေသတွင်း ဆေးဝါးပစ္စည်းများ ရောက်ရှိရန်လည်း စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုကြသည်။

ဒေသခံတစ်ဦးက ၎င်းတို့ ကြုံနေရသည့် ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ “ကျန်းမာရေးပိုင်းနဲ့ ကြည့်မယ်ဆိုရင်လည်း တစ်ချို့ဆို နာတာရှည်ရောဂါ ဖြစ်ပွားသူတွေ ဒီနားမှာ ကုသလို့ မဖြစ်ဘူး။ ဟို့ တောင် ကြီးတို့ ဘာတို့ သွားမယ်ဆို အဲ့လမ်း ပဆေးလာ -မော်ချီးလမ်းနဲ့ပဲ သွားရတယ်။ အဲ့ခါကျတော့လည်း ဘယ်လို ပြောရမလဲ မသွားရဲကြဘူးပေါ့။ ဒီမှာပဲ ကြိတ်မှိတ်ပြီး ကုသနေရ တယ်” ဟု ပြောသည်။

နှစ်စဉ် မိုးရာသီကာလတွင် ကရင်နီလူထုအများစုသည် အာဏာသိမ်း ကာလအတွင်း ဝင်ငွေရရှိရေး အဓိက အားထားရသော မော်ချီးဒေသသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ကျစရိတ်များနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လျှက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မော်ချီးဒေသ၌ ကုန်ဈေးနှုန်း မြင့်တက်မှုမှာ ဆောင်းကာလနှင့် နွေရာသီ (ပွင့်လင်းရာသီ)များထက် မိုးရာသီတွင် ပိုကြုံတွေ့ရလေ့ရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရခြင်း ဖြစ်သည်။