စစ်ကိုင်း အထက်ပိုင်း ဝန်းသိုတွင် တိုက်ပွဲပြင်းထန်ပြီး ရဲဘော် ၃ ဦးကျဆုံး၊ ဒေသခံ သောင်းနှင့်ချီ တိမ်းရှောင်ရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က မြေပြင် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် လေကြောင်းမှပါ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အင်းတော်မြို့နယ်၊ မဲဇာကျေးရွာဘက်မှ ထွက်ခွာလာသည့် စစ်အုပ်စု စစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ ဝန်းသိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး ပါအော၊ တပ်လွင်၊ ကျောက်တောနှင့် ဆင်ကုန်း ကျေးရွာများဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများသည် ယခင်က စစ်အုပ်စုတပ်နှင့် ရဲစခန်းများ အခြေစိုက်ခဲ့ရာမှ လွန်ခဲ့သည့် ၃ နှစ်ခန့်ကတည်းက တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အရေးပါသော နန့်ခမ်းနှင့် ဂျိုးတောင် ဒေသတို့နှင့် ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးတော့သည်။
ထိုစစ်ကြောင်း နန့်ခမ်းဘက်သို့ မတိုးလာနိုင်ရေး ကာကွယ်နေသည့် တော်လှန်ရေးရဲဘော် ၂ ဦးသည် ရှေ့တန်း သို့ စားနပ်ရိက္ခာ သွားရောက်ပို့ဆောင်စဉ် ကျဆုံးခဲ့ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲဘော် ၁ ဦး ထပ်မံကျ ဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စစ်အုပ်စုတပ်က Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ တိုက်ပွဲဧရိယာနှင့် ထန်းတပင် ကျေးရွာတို့ကို ဗုံးအလုံးပေါင်း ၃၀ ထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ရဲဘော်နှစ်ယောက် ထမင်းသွားပို့တာ ရဲဘော်နှစ်ယောက် ကျဆုံးတယ်တဲ့။ မနေ့ညကတော့ ဒရုန်းတွေနဲ့ချတာ။ ရဲဘော် တစ်ယောက်တော့ ကျသွားတယ်။ ပြီးတော့ ၃ ယောက်တော့ ဒဏ်ရာရတယ်။ ဒီနေ့ မနက်လည်း Y 12 နဲ့ ဗုံးအလုံး ၃၀ လောက်ကြဲသွားတယ်။ တိုက်ပွဲဧရိယာကိုပေါ့” ဟု ပြောသည်။
ယခုအခါ မဲဇာနှင့် နန့်ခမ်းကြားရှိ ကျေးရွာများအပါအဝင် ဂျိုးတောင်၊ နန့်ခမ်းနှင့် အနီးဝန်းကျင် ကျေးရွာကြီးများ မှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ အခြားဒေသခံတစ်ဦးက “လူဦးရေကတော့ သောင်းဂဏန်းနဲ့အထက်မှာရှိမှာ။ အဲ့ဒီက မဲဇာဘက်ကနေ တစ်လျှောက်လုံး ပြေးရတာပေါ့လေ။ ဂျိုးတောင် နဲ့ နမ်းခမ်းက ရွာကြီးတာကို” ဟု ပြောသည်။
လက်ရှိတွင် ဝန်းသိုမြို့အခြေစိုက် စစ်အုပ်စုတပ်၏ ခမရ (၁၁၁) နှင့် ခမရ (၁၂၀) တပ်ရင်းနှစ်ခုကလည်း စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေပြီး မြေပြင်စစ်ကြောင်းများ အန္တရာယ်နှင့် လေကြောင်းတိုက်ခိုက်မှုများကို အထူးသတိ ပြုကြရန် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက အနီးဝန်းကျင်ရှိ ကောလင်း၊ ဗန်းမောက်နှင့် ဝန်းသိုမြို့နယ် အတွင်းမှ ဒေသခံများကို သတိပေး ထုတ်ပြန်ထားသည်။