အမေရိကန်နှင့် မြန်မာစစ်အုပ်စုတို့ ဒုတိယအကြိမ်အဖြစ် ဂျပန်တွင် တိုက်ရိုက် တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်။

အမေရိကန်အစိုးရနှင့် မြန်မာစစ်ကောင်စီ တာဝန်ရှိသူများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ထပ်မံပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာနှင့် ဘီဘီစီ သတင်းဌာနများက ဖော်ပြသည်။

ယင်း သည် တစ်လအတွင်း နှစ်ဘက်ဒုတိယအကြိမ် တိုက်ရိုက်တွေ့ဆုံမှု ဖြစ်သည်။

လွန်ခဲ့သည့် စက်တင်ဘာလလယ်က အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ မိုက်ကယ်ဗန့်စ် (Michael Vance) ဦးဆောင်သော အဖွဲ့သည် နေပြည်တော်၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ ဆွေးနွေးပွဲ ဒုတိယပိုင်းကို တိုကျိုမြို့၌ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း ဆွေးနွေးပွဲများတွင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသည့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) စခန်းများ ပိတ်သိမ်းရေးနှင့် ထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားတစ်ဦး လွတ်မြောက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။

ထို့အပြင် လျှပ်စစ်ကားနှင့် အဆင့်မြင့်နည်းပညာ ထုတ်ကုန်များအတွက် မရှိမဖြစ် လိုအပ်သည့် မြန်မာနိုင်ငံ၏ ရှားပါးမြေရှားသတ္တု (Rare Earth) ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များကိုပါ အမေရိကန်ဘက်က စိတ်ဝင်စားမှုရှိနေကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဖယ်ကြဉ်ထားခဲ့သည့် အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီသည် လက်ရှိတွင် အမျိုးသားအကျိုးစီးပွားနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံသည့် လက်တွေ့ဆန်သော (Transactional) ချဉ်းကပ်မှုဘက်သို့ ပြောင်းလဲလာကြောင်း သတင်းများတွင် သုံးသပ်ထားသည်။

တစ်ဖက်တွင်လည်း ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့် ဂျပန်နိုင်ငံသည် စစ်ကောင်စီနှင့် တရားဝင် မဟုတ်သည့်တိုင် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး၊ ပြည်တွင်းရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။