နာဂဒေသ လဟယ်တွင် တောင်ယာခင်းများ ကြွက်ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။ 

နာဂဒေသ လဟယ်မြို့နယ်ရှိ ကျေးရွာလေးရွာတွင် ကြွက်ဖျက်ခံရသောကြောင့် တောင်ယာအခင်း ၁၉၀ ခင်း ပျက်စီးသွားသည်ဟု လဟယ် ဒေသခံများက ပြောသည်။

ကြွက်ဖျက်ခံရသည့် ကျေးရွာများမှာ လဟယ်မြို့နယ်ရှိ ခါးလယ်ကျေးရွာမှ တောင်ယာခင်းများအပြင် လွန်းထောင်ကျေးရွာ၊ ယွန်းတိုင်းကျေးရွာနှင့် ဝုထကျေးရွာတို့က ဖြစ်သည်။

လဟယ်ဒေသခံ အမျိုးသားတစ်ဦးက ကျေးရွာက တောင်ယာတွေပါ။ ရွာလေးရွာမှာ ဖြစ်တာ အရမ်းဆိုးတာက ခါးလယ်ရွာမှာဆိုးတာ ဟု ပြောသည်။

ဇူလိုင်လမှ စတင်ကာ ဩဂုတ်လအကုန်ထိ ကြွက်များက တောင်ယာအခင်းများအား ဖျက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ များအနေဖြင့် ကြွက်များအား နှိမ်နင်းကြရာ တစ်ညလျှင် အနည်းဆုံး အကောင် ၆၀ ထိရသည်ဟု ဆိုကြသည်။

ခါးလယ် ဒေသခံတစ်ဦးက ကျနော်တို့ ကြွက်တွေက ခါးလယ်တောင်ယာမှာပေါ့ ရွာခံတွေက ညမှာ ဓာတ်မီး ထွန်းပြီးတော့ သတ်တာပေါ့လေ။ အရမ်းဆိုးတဲ့ အခါကြတော့ သတ်တယ်၊ ဆိုးတာကတော့ အတော်ဆိုးတယ်။ တချို့တောင်ယာ အကွက်တွေက ရိတ်စရာမရှိတော့ဘူး။ ဒီလာမယ့်နှစ်မှာ ရိတ်စရာ မရှိတော့ဘူး ဟု ပြော သည်။

ယခုကဲ့သို့ တောင်ယာများအား ကြွက်များက ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ အကြောင်းအရင်း အတိအကျကိူ မသိကြကြောင်း၊ သို့သော် ဒေသခံများ၏ အယူအရ ဝါးအသီး သီးလျှင် ကြွက်ဖျက်တတ်သည်ဟု ဆိုကြသည်။

သို့သော် လဟယ်မြို့နယ်ရှိ ခါးလယ်ကျေးရွာ၊ လွန်းထောင်ကျေးရွာ၊ ယွန်းတိုင်းကျေးရွာနှင့် ဝုထကျေးရွာတို့တွင် ယခုနှစ်တွင် ဝါးသီးများလည်း မသီးကြောင်း လဟယ်ဒေသခံများက ပြောသည်။

လဟယ် ဒေသခံက ဒီနှစ်မှပဲဖြစ်တာ အရင်နှစ်က မဖြစ်ဘူး။ မိုးများလို့လာပေါ့ နောက်ဆုံး ကမ်းပါးတွေလည်း အတော်လေးပြိုတယ်။ အဲ့ဒါကြောင့်မို့ ဖြစ်သလားပေါ့။ ဝါးအသီး သီးတာလည်း မရှိဘူး။ ဒီနှစ်က တချို့ တောင် ယာတွေဆို ရစရာတောင် မရှိဘူးပေါ့လေး ဖြစ်တာ ဟု ပြောသည်။

ဒေသခံ ပြည်သူများ အနေဖြင့် တောင်ယာခင်းများအား ကြွက်ဖျက်သွား၍ လာမည့်နှစ် စားဝတ်ရေးအတွက် အဓိက စိုးရိမ်ပူပန်နေကြသည်။

လဟယ်ဒေသခံက ၂၀၂၅ အတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး။ အခုသူတို့ တောင်ယာ မသွားတော့ဘူး နေထားကြတယ်။ ဇွန်လကနေ ဖျက်တယ်ဆို ပြန်စိုက်လို့ ရသေးတယ်ပေါ့။ အခုက စပါးဖူးနေပြီး ဒီချိန်မှာဖျက် တဲ့ အခါတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူးလေ။ လာမယ့်နှစ်တွေအတွက်တော့ အရမ်းစိုးရိမ်နေကြတယ် ဟု ပြောသည်။

လဟယ်မြို့နယ်ရှိ ခါးလယ်ကျေးရွာ၊ လွန်းထောင်ကျေးရွာ၊ ယွန်းတိုင်းကျေးရွာနှင့် ဝုထကျေးရွာတို့က တောင်ယာ တစ်ခင်းများမှာ နှစ်စဉ် တစ်နှစ်လျှင် တင်း ၁၅၀ မှ ၂၀၀ ထိ စပါးများ ရကြသည်ဟု ဒေသခံများက ဆိုသည်။

နာဂဒေသ၊ လဟယ်မြို့နယ်တွင် ထိုသို့ တောင်ယာအခင်းများကို ကြွက်ဖျက်ခြင်းမှာ ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ၁၉၉၂ ခုနှစ် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။